သဗ္ဗေ ဘဒြာနိ ပဿန္တု။ မာ ကိဉ္စိ ပါပမာဂမာ။

Thursday, February 18, 2010

လျှို့ဝှက် သောက (၄)


သောကနဲ့ပတ်သတ်သော အကြောင်းအရာတွေ ဆက်ရေးဖို့ ကြိုးစားရင်း အခန်းသုံးတွင် ရပ်တန့်နေမိတာ တပတ်ကျော်သွားသည်။ စာဖတ်လာသူများကို တောင်းပန်လိုက်ပါရစေ...နားလည်ပေးပါလို့။ "ဒုက္ခတွေက များ ဗုဒ္ဓကယ်ပါဘုရား"လို့တော့ မအော်တော့ပါဘူး။ ဘာရယ် ညာရယ်လို့ ရေရာမသိ၊ အဖြေရှာ မရှိတဲ့ကိစ္စများနဲ့ အလုပ်များနေလို့ပါ။ သောကနဲ့ပတ်သတ်တာလေးတွေ ဆက်ရေးပါဦးမယ်။ နောက်ထပ် စတိုရီလေးတပုဒ်ပေါ့။

န ဂါမဓမ္မော နော နိဂမဿ ဓမ္မော၊
န စာပိယံ ဧကကုလဿ ဓမ္မော၊
သဗ္ဗဿ လောကဿ သဒေ၀ကဿ၊
ဧသေ၀ ဓမ္မော ယဒိဒံ အနိစ္စတာ။ (ထေရီအပါဒါန်-၂.၃.၈၂)

အနိစ္စသဘောတရားသည် ရွာတရွာ၊ ဇနပုဒ်တခု၊ မြို့တမြို့၊ နိုင်ငံတစ်ခု၊ လူမျိုးတမျိုး၊ ဘာသာတစ်ခု၊ မိသားစုတစု၊ ငါတယောက်တည်းလောက်သာ ကွက်ဖြစ်တာမဟုတ်ဘူး။ နတ်လူဗြဟ္မာအပါဝင် ရှိရှိသမျှ လောကတိုင်းမှာ၊ နေရာတိုင်းမှာ ဖြစ်တတ်သည့် သဘောသဘာဝ တစ်ခုပါ။

နေ၀င်ရီတရောချိန်လေးမှာ အေးချမ်းလှသည့် တောရိပ်တောင်ရိပ်အရသာကို ခံစားရင်း ထေရီမကြီးတပါး ကျောင်းသင်္ခမ်း၏ ၀ရံတာ စင်္ကြံလမ်းအတိုင်းလျှောက်ကာ အထက်က ကျူးရင့်သံကို ထပ်တလဲလဲ ကျူးရင့် နေလေသည်။

ရင်ထဲမှာ ပူလှိုက်လောင်နေသမျှသော သောကမီး အခိုးငွေ့များ ကင်းစင်နေသော ဖလသုခ၏ အရသာကို ခံစားမိတိုင်း မြတ်ဗုဒ္ဓ၏ ဂုဏ်ကျေးဇူးများကို ကြည်လို့မဆုံးနိုင်တော့ပေ။

မြတ်ဗုဒ္ဓနှင့်သာ မတွေ့ဆုံခဲ့လျှင် မြတ်ဘုရား၏ အဆုံးအမကို မရရှိခဲ့လျှင် ခုချိန်လောက်ဆို သူမသည် အရူးတပိုင်းနဲ့ အပူမီးဝိုင်းနေပြီပေါ့။ အတိတ်ကိုတွေးမိတိုင်း သူမဘ၀က ရင်နင့်စရာ ရင်နှစ်ခြမ်း ဗျမ်းဗျမ်း ကွဲသွားနိုင်သည်။

သောက... သောက ....သောကထန်လှိုင်း၊ ဒုက္ခတွေဝိုင်း၊ စိတ္တဇအရူးတပိုင်းဖြစ်ရသူတွေ လောကမှာဒုနဲ့ဒေးပင်။ အော်...သောကရဲ့ရိုတ်ချက်ကြောင့် မျက်ရည်တွေ ပြိုက်ပြိုက်ကြခဲ့ရပေါ့။ ကမ္ဘာမြေကြီး အသိဆုံးပေါ့။

ခုတော့ မြတ်ဘုရားက ငါ့ရင်ကို သောကမီးတွေအေးစေဖို့ သောကအဖြေကို သိစေခဲ့တယ်။ သောကဆိုတာ..
"ကတမော စ ဘိက္ခဝေ သောကော- ယော ခေါ ဘိက္ခဝေ အညတရညတရေန ဗျသနေန သမန္နာဂတဿ အညတရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ သောကော "

ပျက်စီးခြင်းတမျိုးမျိုး၊ ဒုက္ခတမျိုးမျိုး ရောက်ရှိ ရရှိ တွေ့ကြုံရင်ဆိုင်လိုက်ရသောသူ၏ ၀မ်းနည်းမှုဝေဒနာကို သောက၊

"အန္တောနိစ္ဇျာယနလက္ခဏော သောကော- အတွင်းကိုလှိုက်ကာလှိုက်ကာ လောင်းကျွမ်းတတ်သော သဘောကို သောက"လို့ခေါ်သည်တဲ့။

အတွင်းလှိုက်လောင်ကျွမ်းတယ်ဆိုတဲ့ သဘောကို မြတ်ဗုဒ္ဓက ဤသို့မိန့်ခဲ့တယ် ....................................
"သောကောတိ- ယော ဥာတိဗျသနာဒီသု ၀ါ ၀ဓဗန္ဓနာဒီသု ၀ါ အညတရသ္မိံ သတိ တေန အဘိဘူတဿ ဥပ္ပဇ္ဇတိ သောစနလက္ခဏော သောကော။ "

ဆွေးမျိုးပျက်စီးခြင်း၊ စီးပွားရေးပျက်စီးခြင်း၊ ရောဂါဖီစီးခြင်း၊ ဘေးဆိုး အန္တရာယ်ဆိုး တွေ့ကြုံခံစားရခြင်းစရှိ သည်တို့ ဖိစီးခံစားရသောသူသည် ၀မ်းနည်းပူဆွေး ငိုကြွေးကာ သောကအပူမီးလောင်တော့၏။ တရားကိုယ် မှာဒေါသမှုဒွေးရှိ ဒေါမနဿဖြစ်သည်။ သောကသည် ဒေါသမဟုတ်။

သောကအပူမီးလောင်မြိုက်လေသဖြင့် "တန္နိဿိတလာလပ္ပနလက္ခဏော ပရိဒေဝေါ-သောကအပူမီး တလှိုက်လှိုက် လောင်ကျွမ်းမှုကြောင့် ရင်တရှိုက်ရှိုက် အငိုဆိုက်၍ အော်ဟစ်မြည်တမ်းခြင်းသည် ပရိဒေ၀။
တရားကိုယ်မှာ- စိတ္တဇသဒ္ဒ၀ိပလ္လာသတည်း။

မျက်ရည်ယိုစီး အငိုမပြီးသောကြောင့် ကာယပ္ပဋိပီဠနလက္ခဏံ ဒုက္ခံ- ခန္ဓာကိုယ်နွမ်းနယ်ခြင်း ဒုက္ခခံစားရသည်။ တရားကိုယ်မှာ -ဒုက္ခသဟဂုတ် ကာယ၀ိညာဉ်တည်း။

ထို့နောက် မနောဝိဃာတလက္ခဏံ ဒေါမနဿံ- စိတ်ပင်ပန်းခြင်း၊ တရားကိုယ်မှာ- ဒေါသမှုဒွေး၌ရှိသော ဝေဒနာနှင့် ၀ိသာဒလက္ခဏော ဥပါယာသော- သောက ပရိဒေ၀တို့ လွန်ကဲစွာ စိုးမိုးနှိပ်စက်ခြင်းကြောင့် အသံမထွက်နိုင်အောင် လွန်စွာ ပင်ပန်းဆင်းရဲခြင်း၊ တရားကိုယ်မှာ- ဒေါသမှုဒွေး၌ယှဉ်သော ဒေါသစေတသိက် တို့ကို ရရှိခံစားရတော့သည်။

သောကသည် ဆွေမျိုး ဥစ္စာ စသည်တွေပေါ် ခင်တွယ်မိ သံယောဇဉ်ဖြစ်မိလို့ သူတို့တွေကြောင့် ခံစားရတာ ပါလားဆိုတဲ့ အသိကို မြတ်ဗုဒ္ဓပေးခဲ့ပြီ။ ဆွေမျိုး မိဘ ပစ္စည်း ဥစ္စာစသည်တွေပေါ်၊ သက်ရှိ သက်မဲ့ အားလုံးပေါ် ခင်မင်မှု လျော့ချနိုင်သော သူအတွက်တော့ သောက တ၀က်အေးပြီပေါ့။

သားသည် ငါ့ဘ၀ပဲ၊ သားမရှိရင် ငါ့ဘ၀ မရှိနိုင်တော့ဘူးလို့ အဟုတ်ထင်မှားမိခဲ့ တဲ့ ငါ့အသိတွေကို "ဟုတွာ အဘာဝဋ္ဌေနအနိစ္စံ- ဟုတ်မယ်လိုလိုနဲ့ တကယ်ဟုတ်မလာတတ်တဲ့ သဘောက အနိစ္စ"ပေါ့လို့ မြတ်ဗုဒ္ဓက ရှင်းပေးခဲ့တယ်။ ခုတော့ ငါ အမြင်ရှင်းခဲ့ပြီ။ ဥာဏ်လင်းခဲ့ပြီ။

အမြင်မှားတွေကို ရှင်း၊ အထင်မှားတွေဟာ လင်းခဲ့ပြီမို့ သားကို သခင် အထင်နဲ့ သားသေကိုပိုက် ဘ၀မှာ တခါမိုက်ဘူးတဲ့ ကျမ ခုတော့ သောကတွေကင်းခဲ့ပါပြီ။

နောင်တခေတ်မှာ အမှောင်မဖြစ်စေဖို့ လောက မြေကြမ်းပေါ်က သောကအပူတွေ ထမ်းခဲ့ရတဲ့ ကျမဘ၀ အကြောင်းကို သင်္ခန်းစာယူဖို့ ..ပြောပြရရင်တော့ ဒီလို ................. (မျှော်)

0 comments: