ဓမ္မမိတ်ဆွေ ဓမ္မသဟာယ ဓမ္မညီအကိုမောင်နှမတို့ရေ......ရောက်ရှိလာတဲ့ ၂၀၁၀ဆိုတဲ့ နှစ်သစ်မှာ ဘ၀တု သဗ္ဗမင်္ဂလံ လို့နှုတ်ခွန်းဆက်သလိုက်ပါတယ်။ အားလုံး ကျန်းမာပျော်ရွှင်ကြပါစေလို့ မေတ္တာပို့သလိုက်ပါတယ်။ နှစ်သစ်မှာ တစ်ဦးမေတ္တာ တစ်ဦးရရှိကြကာ ဘ၀ခရီးကို သာယာချမ်းမြေ့စွာ လျှောက်လှမ်းနိုင်ကြပါစေနော်။
နှစ်တွေ ဘယ်လိုပြောင်းပြောင်း ကာလတွေဘယ်လိုပြောင်းပြောင်း ကိုယ့်အတွင်းစိတ်ပျော့ပြောင်းလာဖို့လိုတယ် ဆိုတာတော့ သတိထားရမယ်။ အရင်နှစ်တွေလိုပဲ ကြမ်းတမ်းသော ကိလေသာ အာသဝေါတွေ တိုးသထက်တိုး နေကြမယ်ဆိုရင်တော့ ထူးမခြား နှစ်မူးတပြားသာသာနဲ့ အရူးသားပဲ ထပ်ဖြစ်ယုံပဲပေါ့။ ပုထုဇ္ဇနော ဥမ္မတ္တကော- လို့ ကြားဖူးကြတယ်။ ကိလေသာတွေ ထုထည်နဲ့ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ လူသားကို ပုထုဇဉ်ခေါ်တယ်။ ပုထု ကိလေသေ ဇနေတီတိ ပုထုဇ္ဇနော-လို့ ဂရမ်မာနည်းအရ ၀ိဂ္ဂဟပြုထားတယ်။ ကိလေသာတွေကြောင့် လူသား သည် ခုတမျိုး နောက်တဖုံဖြစ်တတ်သည်။ ဒါကြောင့် စိတ်အမျိုး စိတ်အဖုံဖုံ ဖြစ်လေ့ရှိသည်ကြောင့် အရူးလို့ တင်စားခေါ်ခြင်းပေါ့။
စိတ်အစဉ်မှာ ဖြစ်လေ့ရှိတဲ့ လောဘ ဒေါသ မောဟတွေကို လူကလည်း လူ့ကျင့်ဝတ်၊ ရှင်ကလည်း ရှင့်ကျင့်ဝတ်၊ ရဟန်းကလည်း ရဟန်းကျင့်ဝတ်နဲ့ အညီနေထိုင်ကာ ဖြေရှင်းလိုက်ရင် နှစ်သစ်ဟာ ထူးခြားလို့ အရူးသားနယ်က လွတ်ပြီပေါ့။ ကဲ စကားရှည်မနေတော့ပါဘူး....ပြောချင်တာက....
နှစ်သစ်မှာ ကုသိုလ်များစွာ စည်းပူး၊ ကိလေသာကြမ်းတွေကို တိုက်ထုတ်လို့ မေတ္တာကာယကံ မေတ္တာဝစီကံ မေတ္တာမနောကံ ပွားတိုးကြဖို့ နှစ်သစ်မှာ တိုက်တွန်းလိုက်ပါရစေ။
Thursday, December 31, 2009
Happy New Year
Posted by
အရှင်နာယကာလင်္ကာရ
at
12/31/2009 06:07:00 PM
Labels: နှစ်သစ်စကား 0 comments
Wednesday, December 30, 2009
သီတဂူဆရာတော်ကြီး၏ မီနီဆိုးတား ဓမ္မဒူတခရီး ဓာတ်ပုံ မှတ်တမ်း (၂)
Posted by
အရှင်နာယကာလင်္ကာရ
at
12/30/2009 04:43:00 PM
Labels: ဓာတ်ပုံ 0 comments
Monday, December 28, 2009
စစ်ကိုင်း မင်းရှိန် ရေးသားသီကုံးထားသည့် တေးထပ်များ
သီတဂူ မြတ်အရှင်
တေဇာဂုဏ် ဖြိုးမောက်လို့၊
တန်ခိုးတောက် ဝေလွင်။
တမိုးအောက် ပြေတခွင်မှာ၊
နေအသွင် ထင်ရှား။
ပိဋကတ် ပါရဂူ၊
ကမ္ဘာမူ အံ့ဘွယ့်ယောက်ျား။
ဟောပြောနည်း တမူထွင်တယ်၊
သူ ဘုရင်တစ်ပါး။
ဇမ္ဗူတွင် ရှာမှာ ရှားပေမို့၊
ဇာနည်ဘွား တော်ဝင်။
မြမျက်မှန် ရတနာမျိုးလိုပ၊
ပါဝါတန်ခိုး ဟိုးဟိုးပေါ်လွင်။
တိုင်းလက်ျာ့ တောင်ကျွန်းခွင်မှာ၊
မော်ကွန်းဝင် စံထားစို့။
မဟော်အလား တုဖက် မမြင်၊
လူ့ထက် လူပင်။
သီတဂူ့ မြတ်အရှင်ငယ်၊
မပြတ်အစဉ် ၀င့်ကြွားပြီကွဲ့လေး။
ဒေသနာ ချွေဟ စေတနာ ဝေစွ၊
ရေ အမတာ ဝေငှ ကြည်လင်စွာငယ်၊
ပြည်ခွင်သာယာ အေးမြစေဖို့လေး။
*********************
သီတဂူ့ တက္ကသိုလ်
ဘုန်းတေဇာ ကျက်သရေလင်း
တက်နေမင်း ပမာ။
လက်ဝေဆင်း မှောင်သွေခွာသည်
အောင်ဇေယျာ ဥဒါန်း။
ကပ္ပဋ္ဌိ (ကပ်ပဋ်ဋ္ဌိ) ကမ္ဘာတွင်အောင်
မြန်မာတွင် ထိုးတဲ့မော်ကွန်း။
သီတဂူ့ တက္ကသိုလ်
ကနက်ဗဟို ပေါ်ထွန်း။
စနက်ကို ဖော်ညွှန်းလို့
ပြောက်အမွမ်း သရဖူ။
တောင်ဇေယျာ အောင်မြေနန်း
ပြောင်ဝေဆန်း လွှမ်းလို့စိုက်ထူ။
မြတ်ဘုန်းရှင့် သီတဂူငယ်
ကြည်ဖြူဖြူ ဇွဲသန်မြင့်ပါဘိ။
ကဲမာန်ဝင့် ကြွရွစီမံ
လှပတည်ဖန်။
ဝေဖြာ ပန်းကြွ…သေချာဆန်းလှ
ဧရာ နန်းမ …အသရေလျှံသည်
ရွှေမြေဗိမာန် ပေါ်ထွန်းပြီကွဲ့လေး။
ကမ္ဘာချင်းမျှ ….သမ္ဘာလင်းစွ
တာရာမင်းမက ဖြိုးဝေလျှံသည်
မိုးမြေနဘံ ခြိမ့်သဲညံလို့လေး။
*******************
ဤလောကီ
ဤလောကီ ဘုံဘဝ
ကြုံရသည့် ဖြစ်ထွေ။
နုံလှသည့် စနစ်တွေ
လှစ်ချွေလျှင် မကောင်း။
ခွေးဝဲစား ပုံသို့တင်
စုံလို့ပင် နှင်မောင်း။
ကျင့်ဝိပဿ် ဖြာ့အဖြာ
ငါ့ခမျာ ဟောရအာညောင်း။
ချာ့အချာ မသာလောင်းတို့က
ခါစောင်းလို့ ရေးမယူ။
လျှာဂျီး(ကြေး)ထူ ရသာဖျင်းသို့
ဓမ္မလျာဟင်း သင်းတို့ငြူစူ။
အမတကမ္ဘာတွင်း ချဉ်းဘို့ပြူလျှင်
ငြင်းစို့မူပင် ချမှတ်ကြထင့်။
ရလာဘ် ဂုဏ်ကိုသာပင်
အထုံပို ၀ါသနာခင်။
စာသဘင်ပွဲ ၀င်နွှဲဆင်သည်
စဉ်မြဲပင် လွဲခဲ့ပါသကွဲ့လေး။ ။
******************
ရွှေစာ ကျယ်ဝန်း မြတ်ပဋ္ဌာန်း
ကျမ်းရွှေစာ ပဋ္ဌာန၊
တတ်မှာက မလွယ့်မလွယ်။
မြတ်စွာဘုရာ့ အမယ့်အမယ်ငယ်၊
တကယ့်တကယ် ဆိုလွဲ။
အလွတ်မပိုင်သမို့ မရွတ်နိုင်ပါသည်၊
ဇွတ်ငိုင်ကာ တွေးလို့သာဘဲ။
သမုဒ္ဒပြင် အကျယ်နှယ်၊
စဉ်တကယ် နက်နဲ။
မြင်မလွယ် လွန်ခက်ခဲပါလို့၊
ကျွန်လက်ပဲ ရှော့ချင်။
နောက်ခါဆို ကြောက်ပါပေါ့ရယ်လို့၊
“တောက်”ခါငေါ့ ငေါ့မိရဲ့ထင်။
မနောမမိတဲ့ သဘောအစဉ်မှာ၊
မချောပြင်ပြင် တကယ်ရှုပ်ပါဘိ၊
အမယ်ဘုတ် သူချည်ခင့်နှယ်။
ရှုကြည်ခွင့်မလွယ်။
ဆယ်သက်မက တကယ်ခက်ပါမည်၊
လွယ်ချက်ဟာ မြင်ဘူးကွဲ့လေး။
Posted by
အရှင်နာယကာလင်္ကာရ
at
12/28/2009 09:21:00 AM
Labels: ထေးတပ်များ 0 comments
Saturday, December 26, 2009
ကာလေန ဓမ္မသာကစ္ဆာ
ကွာလာလမ်ပူနံနက်ခင်းသည် သိပ်မချမ်းလှ၊ အပူအအေး မျှတသဖြင့် နေထိုင်ရသည်မှာ သက်တောင့်သက်သာ ရှိလှ၏။ ယနေ့ နံနက်ခင်း၌ မြန်မာ မိသားစုတစ်စုက ပင့်ဖိတ်သဖြင့် သံဃာ ၂-ပါးနှင့်အတူ မိမိသည် ကပုန်းကျောင်းမှ သူတို့၏ တိုက်ခန်းသို့ သွားကြ၏။
အခန်းထဲသို့ ရောက်လျှင်ရောက်ချင်းပင် ဆရာသခင် ကျေးဇူးရှင် ဖြစ်သည့် သီတဂူ ဆရာတော်၏ ပရိတ်တရားသံကို ကြားလိုက်ရသည့်အခါ “တော်တော် လိမ်မာတဲ့ ၀ံသာနု လူငယ်လေး တွေပဲ” ဟု စိတ်ထဲမှာ ဥဒါန်းကျူးမိလေတော့သည်။ အမျိုးအနွယ်၏ ကောင်းမြတ် ဖြူစင်သော ဓလေ့ထုံစံမှန်သမျှကို အမြတ်တနိုးတန်ဖိုးထားသည့်သူကို “၀ံသာနု”ဟု ခေါ်၏။
ကွာလာလမ်ပူနံနက်ခင်းသည် သိပ်မချမ်းလှ၊ အပူအအေး မျှတသဖြင့် နေထိုင်ရသည်မှာ သက်တောင့်သက်သာ ရှိလှ၏။ ယနေ့ နံနက်ခင်း၌ မြန်မာ မိသားစုတစ်စုက ပင့်ဖိတ်သဖြင့် သံဃာ ၂-ပါးနှင့်အတူ မိမိသည် ကပုန်းကျောင်းမှ သူတို့၏ တိုက်ခန်းသို့ သွားကြ၏။
အခန်းထဲသို့ ရောက်လျှင်ရောက်ချင်းပင် ဆရာသခင် ကျေးဇူးရှင် ဖြစ်သည့် သီတဂူ ဆရာတော်၏ ပရိတ်တရားသံကို ကြားလိုက်ရသည့်အခါ “တော်တော် လိမ်မာတဲ့ ၀ံသာနု လူငယ်လေး တွေပဲ” ဟု စိတ်ထဲမှာ ဥဒါန်းကျူးမိလေတော့သည်။ အမျိုးအနွယ်၏ ကောင်းမြတ် ဖြူစင်သော ဓလေ့ထုံစံမှန်သမျှကို အမြတ်တနိုးတန်ဖိုးထားသည့်သူကို “၀ံသာနု”ဟု ခေါ်၏။
ဘာသာခြားတို့၏ ၀တ်ပြုသံကြားထဲ၌ ရှားရှားပါးပါးကြားလိုက်ရသည့် ပရိတ်တရားသံလေးက နွေဦးမှာ တွန်မြူးသည့် ဥသြသံကဲ့သို့ နားဝင်ပီယံ ရှိလှပေသည်။
သိကြားမင်းက မြတ်ဗုဒ္ဓကို မဆည်းကပ်လျှင် ကြီးကျယ်သောစည်းစိမ်ကို ပေးမည်ဟု ဖျားယောင်းသော်လည်း စိတ်ဓာတ် မပျော့ပြောင်းသော ဒကာကြီး ဦးသုပ္ပဗုဒ္ဓ (ရောဂါစွဲကပ်နေသူ) ကဲ့သို့ လူငယ်လေးများ၏ ယုံကြည်မှု - သဒ္ဓါတရားကလည်း ခိုင်မာလှပေ၏။ လူက ပြည်ပကို ရောက်နေသော်လည်း သူတို့၏ သဒ္ဓါတရားက ပြင်ပကို ရောက်မသွားပေ။ သဒ္ဓါတရားကို သူတို့၏ နှလုံးသားထဲ၌ ခိုင်ခိုင်မာမာ စိုက်ထား ကြပေသည်။
“သဒ္ဓါယ တရတိ သြဃံ”၊
“ယုံကြည်မှုဖြင့် အခက်အခဲမှန်သမျှကိုကျော်လွှားနိုင်ပေ၏”။
မိမိတို့သည် သူတို့၏တိုက်ခန်းထဲမှာပဲ အရုဏ်ဆွမ်းဘုဉ်းပေးကြ၏။ အချိုပွဲမှာ ရှားရှားပါးပါး “မုန့်လုံးရေပေါ်”က ပါလိုက်သေး၏။ ကိုလံဘိုမှာနေခဲ့စဉ်က မြန်မာ့အစားစာကို တမ်းတမ်းတတ ဖြစ်ခဲ့ရကား ကွာလာလမ်ပူရောက်မှပဲ မြန်မာ့အစားအစာကို အတိုးချ၍ ဘုဉ်းပေးဖြစ်လေသည်။ ယနေ့ အရုဏ်ဆွမ်း၌ မြန်မာ့အစားအစာနှင့် ဝေးကွာနေပြီဖြစ်သော မိမိသည် မုန့်လုံးရေပေါ်ကို “အဓိက အဟာရ”အဖြစ် သုံးဆောင်လိုက်လေတော့သည်။
ဤဆွမ်းကပ်ပွဲ၌ မြန်မာဒကာ, ဒကာမများ ၃၀-ကျော် လောက် စုမိ၏။ အရွယ်အားဖြင့် လူငယ် လူလတ်ပိုင်းအရွယ်များ ဖြစ်ကြသည်။ အရွယ်အားဖြင့် ငယ်ကြသော်လည်း ဘာသာတရားကို ကိုင်းရှိုင်းကြ၏။ သီလခံယူ ဆောက်တည်၏။ တရားနာ၏။ အမျှအတန်း ပေးဝေ၏။
ဤဆွမ်းကပ်ပွဲ၌ အမျှဝေခြင်း ပတ္တိဒါနကုသိုလ်အကြောင်း၊ ဗုဒ္ဓဘာသာ ၂-မျိုးရှိပုံ၊ ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာ ကွာခြားပုံ စသည့်အကြောင်းအရာများကို ဟောပြောဆွေးနွေး ခဲ့ပါသည်။
“အော် သူတို့ရဲ့ နှလုံးသားထဲမှာ ဘုရားတည်ထားကြသကိုး၊ ဒါကြောင့် အခုလို သံဃာများကို ပင့်ဖိတ်၊ တရားနာ၊ အမျှအတန်းပေးဝေ စတဲ့ ကောင်းမှုကောင်းမှုတွေကို လုပ်ကြတာပဲ၊ သိပ်တော်တဲ့ ရွှေတွေပဲ”ဟု မိမိ ပီတိဖြစ်မိပါတော့သည်။ (မလေးရှား၌ မြန်မာများကို “ရွှေ”ဟုခေါ်သတတ်၊ ထို့ကြောင့် “မြန်မာ”ဟူသောစကားလုံးအစား “ရွှေ”ဟူသောစကားလုံးကို ၀မ်းပန်းတသာ ကျေကျေနပ်ကျေနပ်ကြီး သုံးလိုက်ပါသည် အို သူတော်ကောင်းအပေါင်းတို့)။
မြတ်ဘုရားကလည်း “ကာလေန - သင့်လျော်သည့်အချိန်မှာ။ ဓမ္မသာကစ္ဆာ - တရားနာရမည်၊ မသိသည့်အကြောင်းအရာများကို မေးမြန်းရမည်၊ လျှောက်ထားရမည်၊ ဆွေးနွေးရမည်” ဟု မှာတမ်းတော် ခြွေခဲ့ပါသည်။
မြန်မာများစုမိကြသဖြင့် တရားဓမ္မအကြောင်းအပြင် သူ့အကြောင်းကိုယ့်အကြောင်းကိုလည်း စပ်မိစပ်ရာ ပြောဖြစ်ကြသေး၏။ နေရေးထိုင်ရေး၊ မင်းရေးစိုးရေးနှင့်တကွ လုပ်ငန်းရေးရာ အဖြာဖြာ တို့ကို ပြောကြဆိုကြနှင့် တပျော် တပါးပင်။
“မန်ကျီးသီးတွေကို တော်တော် သတိထားရတယ်ဘုရား”။
လူငယ်လေးတစ်ယောက်က ပြောသဖြင့် မိမိက “မင်းက မန်ကျီးသီးနှင့် မတည့်ဘူးလား မန်ကျီးသီးက ၀မ်းတော့ပျော့စေတယ်နော်၊ သတိထား စား” ဟု ပြောလိုက်၏။
“ဘုန်းဘုန်းဘုရား အဲဒီစားရတဲ့ မန်ကျီးသီးကို ပြောတာ မဟုတ်ဘူး၊ မလေးရှားမှာ တပည့်တော်တို့က ကုလားတွေကို မန်ကျီးသီးလို့ခေါ်ပါတယ်ဘုရား”။
“အော် ဟုတ်လား၊ ဘာဖြစ်လို့လဲ၊ ပြောစမ်းပါဦး”။
“ဘာ့ကြောင့် အဲဒီလို ခေါ်ရတယ်ဆိုတာကိုတော့ မပြောတတ်ပါဘူးဘုရား၊ ရှေ့လူတွေ ခေါ်တဲ့အတိုင်း ခေါ်ရတာပါ၊ တချို့မန်ကျီးသီးတွေက လူမရှိရင် အလစ်သုတ်တတ်တယ်၊ ဒါကြောင့် သူတို့ကို သတိထားနေရတယ်ဘုရား၊ အခန်းမှာ လူမရှိဘူး ဆိုရင် စိတ်က ကြောင့်ကြနေရတယ်၊ စိတ်အေးအေး မနေရပါဘူးဘုရား”။
ထိုလူငယ်လေး ပြောပြီးသည့်နောက် မိမိ ဤသို့ ဋီကာချဲ့၍ စဉ်းစားကြည့်မိသည်။ “လူများက ကုလားများကို ချင်ကြသည့်အတွက် မန်ကျီးသီး (သို့မဟုတ်) မန်ကျီးစေ့ကဲ့သို့ မဲနေသောကြောင့် မန်ကျီးသီးဟုခေါ်ခြင်း ဖြစ်ပေလိမ့်မည်”ဟု။
မလေးရှား၌ စီးပွားရေး လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများ မြောက်မြားစွာ ရှိပေသည်။ အင်ဒိုနီးရှား ဗီယက်နမ် စသည်။ မလေးရှားရောက် ယင်းနိုင်ငံခြားသားများကို မြန်မာများက အောက်ပါအတိုင်း ခေါ်ကြလေသတတ်။
ကုလားများကို “မန်ကျီးသီး”။
နီပေါကို “နငယ်”။
ဖိလစ်ပိုင်ကို “ဖအုပ်ထုပ်”။
ဗီယက်နမ်ကို “ဗလက်ချိုက်”။
ဘင်္ဂလားဒေ့ရှ်ကို “ဘကုန်း”။
အင်ဒိုနီးရှားကို “အ”။
မြန်မာများကို မည်သို့ ခေါ်သနည်းဟု မေးကြည့်သောအခါ - -
“မြန်မာများကိုတော့ ရွှေ-ဟုခေါ်ပါတယ်ဘုရား”ဟု ကိုရွှေမြန်မာတို့က လျှောက်ကြလေတော့ သတည်း။
“တယ် ကောင်းတဲ့ မြန်မာ့အဘိဓာန်ပဲ”ဟု ကောက်ချက်ချမိလေတော့၏။
လူငယ်လေးတစ်ယောက် မေးသေး၏။
“အရှင်ဘုရား ရွှေအတို့ ရွှေဗတို့ဆိုတာ သိလားဘုရား”။
“အေး ပြောပါဦးကွ၊ သက်ငယ်စကား သက်ကြီးကြားပေါ့ကွာ၊ မင်းတို့က ငါတို့ထက် အသက်ငယ်ပေမဲ့ လောကအကြောင်းကိုတော့ ငါတို့ထက် အတွေ့အကြုံများတယ်မဟုတ်လား၊ ကဲ ဖောက်သည်ချစမ်းပါဦး”။
“မြန်မာယောက်ျားလေးနှင့် အင်ဒိုနီးရှားမတို့ အဆင်ပြေလို့ မွေးလာသည့် ကလေးများကို ရွှေ - အ လို့ ခေါ်ပါတယ်ဘုရား၊ မြန်မာ့အမျိုးသားနှင့် ဗီယက်နမ်မတို့ အဆင်ပြေလို့ မွေးလားသည့် ကလေးကိုတော့ ရွှေ- ဗ လို့ ခေါ်ပါတယ်ဘုရား”။
“ဟိုက် . . . . . . .”
----------------
အရှင်ဒေ၀ိန္ဒာဘိဝံသ
(၂၅၊ ၁၂၊ ၂၀၀၉)
Posted by
အရှင်နာယကာလင်္ကာရ
at
12/26/2009 07:11:00 PM
Labels: ဗဟုသုတ 0 comments
Thursday, December 24, 2009
ဧ၀ံ မေ ပတ္ထိတံ
“ဘုန်းဘုန်းဘုရား ”
မိမိသည် အခန်းထဲမှာ အနားယူနေခိုက် ကျောင်းသားတစ်ယောက်၏ အသံကို ကြားလိုက်ရ သဖြင့် အခန်းတံခါးကို ဖွင့်လိုက်၏။
“ဆရာတော်က ဘုန်းဘုန်းက ပင့်ခိုင်းလိုက်လို့ပါဘုရား”။
“အေးအေး - ဟုတ်ပြီ၊ ဘာကိစ္စလဲ”။
“မှန်ပါ၊ မင်္ဂလာဦးဆွမ်းကျွေးမှာ ပရိတ်တရား ချီးမြှင့်ဖို့ပါဘုရား”။
မိမိ ရောက်သည့်နေ့မှာပဲ မင်္ဂလာဦးဆွမ်းကျွေးနှင့် ပက်ပင်းတိုးမိလေသည်။ မိမိ စီးနင်း လိုက်ပါလာသည့် လေယာဉ်သည် ကွာလာလမ်ပူလေဆိပ်သို့ နံနက် ၈-နာရီခန့်မှာ ဆိုက်ရောက် သဖြင့် ဒေါက်တာအရှင်ဣန္ဒက၏ ကပုန်းကျောင်းသို့ နေ့ဆွမ်းစားအမီ ရောက်ရှိလာခြင်း ဖြစ်ပေသည်။
ကပုန်းကျောင်းတွင်းမှာ ကျင်းပသည့် မင်္ဂလာဦးဆွမ်းကျွေးပွဲ၌ မြန်မာ့ရိုးရာ လုံချည်, အင်္ကျီ တို့ကို ၀တ်ဆင်ထားသည့် သတိုးသား, သတိုးသမီးကို တွေ့ရသောအခါ “ဒါမှ မြန်မာလူမျိုးကွ” ဟု စိတ်ထဲ၌ အသံတိတ် ကြုံးဝါးမိလေသည်။ နိုင်ငံရပ်ခြား တိုင်းတပါး၌ မြန်မာ့ဝတ်စုံတို့ကို မြင်ရဖို့ မလွယ်ကူလှပေ။ မြန်မာ့ဝတ်စုံသည် မြန်မာပြည်မှာ မဆန်းသော်လည်း ပြည်ပမှာကား ဆန်း၍ လန်း၍ နေလေတော့သည်။ မြန်မာ့ရိုးရာဓလေ့ ယဉ်ကျေးမှုတို့သည်ကား ဝေးကွာလေလေ တမ်းတလေလေ ဖြစ်တော့သည်။
မိမိ အိန္ဒိယပြည်မှာ ၀ါဆိုခဲ့စဉ်က နံနက်မိုးလင်းမှာ အိန္ဒိယကုလားသီချင်းသံက မိမိ၏နားကို အမြဲတန်း နှိပ်စက်လေ၏။ ကုလားသီချင်းသံကို ကြားရလေလေ မြန်မာ့သီချင်းသံကို လွမ်းရ လေလေပင်။
“အောင်ခြင်းရှစ်ပါး အသံကြားတဲ့အခါ . . .”
“အစိန္တေယျ …. အပ္ပမေယျ … အနန္တစကြာသေဋ္ဌ …. အတုမရှိသော ကျေးဇူးဂုဏ်တော်… အပေါင်းတည်ရာ ဖြစ်တော်မူသော အရှင်ဝိပဿီ.. မြတ်စွာ . . . . ဘုရား … ကိုယ်တော်. ” စသည့်စသည့် မြန်မာ့တေးသံသာများကို အနုဿတိ (အဖန်တလဲလဲသတိရခြင်း) ကမ္မဋ္ဌာန်း စီးဖြန်းမိလေ တော့သည်။
တခါတရံ နတ်ရွာစံသွားလေပြီဖြစ်သော မြန်မာတို့၏ နောက်ဆုံးဘုရင်ဖြစ်သည့် သီပေါမင်း ကိုပင် သတိရမိလိုက်သေး၏။ “အော် သီပေါမင်းခမျာ ရတနာဂီရိမှာ အကျဉ်းကျစဉ်က ငါလိုပဲ ကုလား သီချင်းသံ၏ နှိပ်စက်မှုကို ခံရရှာမှာပဲ၊ သူ့ခမျာ မြန်မာပြည်ကြီးကို တော်တော် လွမ်းတော်မူလိမ့် မည့်ဖြစ်ခြင်း”။
တိုင်းတပါး၏ ရိုးရာယဉ်ကျေးမှုကို မြင်ရလေလေ မြန်မာ့ရိုးရာယဉ်ကျေးမှုကို သတိရလေလေ ဖြစ်ရသည်မှာ အတွင်းမှာ ကိန်းအောင်းနေသည့် ၀ံသာနုစိတ်ဓာတ်ကြောင့်ပင်တည်း။ ယခုကဲ့သို့ မြန်မာ့ရိုးရာဝတ်စုံကိုတွေ့ရသောအခါ စိတ်ထဲမှာ အလွမ်းပြေသလိုတော့ ခံစားရပါ၏။ သို့သော် ရာနှုန်းပြည့်တော့ မဟုတ်။
ယင်းဆွမ်းကျွေးပွဲ၌ ကျောင်းထိုင်ဆရာတော်က တရားနာပရိသတ်အား သီလပေးပြီးနောက် သတိုးသား, သတိုးသမီးတို့အား တစ်ယောက်နှင့် တစ်ယောက် နားလည်မှုရှိဖို့ လိုအပ်ကြောင်း၊ မယ်တစ်ထမ်း မောင်တစ်ရွက်ဆိုတာလို တာဝန်ကိုယ်စီ လုပ်ကိုင် ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ ယခုလို ဘာသာတရားနှင့်အညီ ပြုလုပ်ကြခြင်းဟာ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ခြင်းပဲ ဖြစ်ကြောင်းစသည်ဖြင့် အဆုံးအမ သြ၀ါဒစကားများကို မိန့်ကြားတော်မူ လေသည်။
“အမျိုးဘာသာ သာသနာကို စောင့်ရှောက်”ဟူသောစကားကို ကြားလိုက်ရသည့်အချိန်မှာ မန္တလေးမြို့ ၀ါခင်းကုန်းဆရာတော်ဟောကြားထားသည့် “မျိုးချစ်အာဇာနည် ဓနဉ္စာနီ” ဟူသော တရားကို နားထဲမှာ ကြားယောင်မိလေတော့သည်။ ဆရာတော်၏ အသံမှာ ကြည်လင်၏၊ ပြတ်သား၏။ နာရသည်မှာ အရသာရှိလှ၏။
“ဒကာ, ဒကာမတွေ ကိုယ့်သားသမီးတွေကို ဘုရားအဆုံးအမတွေကို ငယ်စဉ်တောင်ကျေး ကလေးဘ၀ကစပြီး ပြောပေးကြရမယ်၊ ဒါမှ သူတို့ကြီးလာတဲ့အခါမှာ အမျိုး ဘာသာရဲ့ တန်ဖိုးကို သိရှိ နားလည်ကြမှာ၊ အဲသလို မဟုတ်ရင် ဘာသာခြားနှင့် အိမ်ထောင်ပြုပြီး ဘာသာကူးပြောင်းသွားကြလိမ့် မယ်၊ ဒီကိစ္စကို ပေါ့ပေါ့တန်တန် မတွေးကြနဲ့၊ အလွန် အရေးကြီးတယ်”။
“ပြောရဦးမယ်၊ သင်ခန်းစာယူကြဖို့အတွက်၊ ဟိုတနေ့က မန္တလေးကပဲ၊ ကလေးမလေး တစ်ယောက်ဟာ ဘာသာခြားအမျိုးသားနှင့် ရည်ငံပြီး ဘာသာခြားတို့ရဲ့ ထုံးစံနှင့် အညီ နံနက်ခင်းမှာ မင်္ဂလာဆောင်တယ်၊ ညနေရောက်တော့ သမီးရှင်ဖြစ်သူမိဘတွေက သူတို့နှင့် ရပ်မိရပ်ဖတွေကို ဂါရ၀ပြုဖို့အတွက်ဆိုပြီး သတိုးသားနှင့် သတိုးသမီး သူတို့အိမ်မှာ ခေါ်လိုက်တယ်”။
“ရပ်မိရပ်ဖတွေ စုံတဲ့အချိန်မှာ အဖေဖြစ်သူက သတိုးသားနှင့် သတို့သမီးကို မြန်မာ့ ယဉ်ကျေးမှုအရ မိဘတွေကို ရှိခိုးဖို့ ပြောတဲ့အခါ သတိုးသားက `ကျွန်တော်တို့ ဘာသာတရားက အခြားဘာသာဝင်တွေကို ရှိခိုးဖို့ ပိတ်ပင်ထားပါတယ်၊ ဒါကြောင့် ရှိမခိုးနိုင်ပါဘူး`လို့ ပြောလိုက်တယ်”။
“သမီးကို ရှိခိုးဖို့ပြောတဲ့အခါကျတော့ သမီးဖြစ်သူက သူ့အမျိုးသားကို လှမ်းကြည့်လိုက်တယ်။ ဒီတော့ သတိုးသားက `ကျွန်တော့်အမျိုးသမီးကိုလည်း ကျွန်တော်တို့ ဘာသာထဲဝင်ဖို့ သစ္စာရေ တိုက်ထား ပြီးပြီ၊ ဒါကြောင့်သူကလည်း ဗုဒ္ဓဘာသာ မဟုတ်တော့ပါဘူး၊ ကျွန်တော်တို့ ဘာသာဝင် ဖြစ်သွားပါပြီ၊ ကျွန်တော်တို့ ဘာသာဝင်ဖြစ်သွားပြီဆိုရင် အခြားမည်သည့် ဘာသာဝင်ကိုမျှ ရှိမခိုးရ တော့ပါဘူး`လို့ ပြောလိုက်ပါတယ်။ အဲဒီအခါကျမှ အမေဖြစ်သူဟာ ၀မ်းနည်းပက်လက်ဖြစ်ပြီးတော့ ရင်ဘတ် စည်တီးကာ ချုံးချုံးချ ငိုပါတော့တယ်”။
“ဘယ်လောက် ရင်နာစရာကောင်းလဲ ပရိသတ်ကြီး၊ ကိုယ်မွေးတဲ့ သမီးကတောင် ကိုယ့်ကို ရှိမခိုးတော့ဘူးဆိုတော့ မိဘဖြစ်သူတွေမှာ ၀မ်းနည်းပက်လက်ဖြစ်ကြမှာပေါ့၊ ဒကာ, ဒကာမတွေ သတိထားကြ၊ ကိုယ့်သားသမီးတွေ အဲသလို မဖြစ်ကြစေနဲ့၊ ငယ်စဉ်တောင်ကျေးကလေးဘ၀က စပြီး အမျိုးဘာသာကို ချစ်တတ်, မြတ်နိုးတတ်အောင် ဆုံးမကြ၊ ကျောင်းကန်ဘုရားကို ခေါ်သွားကြ၊ ယဉ်ကျေးမှုသင်တန်းတွေမှာ တက်ခိုင်းကြပါ၊ ဒါမှ ဘာသာ သာသနာရဲ့ တန်ဖိုးကို သိကြမှာ”ဟု ၀ံသာနုစိတ်ဓာတ် အပြည့်ရှိသော ၀ါခင်းကုန်းဆရာတော် အရှင်တိက္ခ၏ တရားသံကို ကြားယောင် မိလေသည်။
ထိုကဲ့သို့ ၀ါခင်းကုန်းဆရာတော်၏တရားကို သတိရပြီး အတွေးများ လွင့်မျောနေစဉ်မှာပင် ကျောင်းထိုင်ဆရာတော်က ပရိတ်တရားရွတ်ဖတ် တော့မည်ဟု ပရိသတ်ကို ဆော်သြလိုက်တော့မှ မိမိ၏ အတွေးများ ပြတ်တောက်သွားတော့သည်။
ထို့နောက် . . .
မလေးရှားမှာ အလုပ်လုပ်နေသော်လည်း ပြည်ပရိုးရာဓလေ့ကို ခ၀ါချ၍ မြန်မာ့ရိုးရာဓလေ့ကို တန်ဖိုးထားသည့် ယင်းသတိုးသား သတိုးသမီးတို့၏ မင်္ဂလာဦးဆွမ်းကျွေးအခန်းအနားမှာ မိမိသည် ပရိတ်တရားတော်ကို ကျောင်းထိုင်ဆရာတော်နှင့်အတူတကွ အားရပါးရ ရွတ်ဖတ်၍ ချီးမြှောက် လိုက်လေသည်။
ပြည်ပရောက်နေသော်လည်း မြန်မာ့ဓလေ့ကို ခုံမင်၊ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုး၊ မြတ်ဘုရား၏ အဆုံးအမကို တန်ဖိုးထားပြီး၊ ပရိတ်တရားတော်ကို တလေးတစား နာယူနေကြသည့် သတိုးသား, သတိုးသမီးကို ကြည့်ပြီး ဧ၀ံ- ဤသို့၊ မေ- ငါသည်၊ ပတ္ထိတံ- တောင့်တမိလေတော့သည်။
“ ဥုံ . . . ဖွဲဟဲ့ လွဲစေ ဖဲစေ၊ ယနေ့အချိန်မှစ၍ နောင်အနာဂတ်၌ မြန်မာ့ယဉ်ကျေးမှု, မြတ်ဘုရားအဆုံးအမကို ခ၀ါချပြီး လူမျိုးခြားယဉ်ကျေးမှု, ဘာသာခြား အဆုံးအမကို ခုံမင်မြတ်နိုးသည့် မြန်မာ့အမျိုးသား, အမျိုးသမီးများ မဖြစ်ပေါ်ရစ်ပါစေသား၊ မဖြစ်ပေါ်စေခလို”။
----------------------
အရှင်ဒေ၀ိန္ဒာဘိဝံသ
(၂၄၊ ၁၂၊ ၂၀၀၇)
Posted by
အရှင်နာယကာလင်္ကာရ
at
12/24/2009 04:49:00 PM
Labels: ဗဟုသုတ 0 comments
Wednesday, December 23, 2009
ဧ၀ံ မေ စိန္တိတံ
လောကကြီးသည် အံ့သြစရာကောင်းလှ၏။ တခါတရံ မမျှော်လင့်သော အရာများသည် ရုတ်တရက် ဖြစ်ပေါ်တတ်၏။ တောင်ယာခုတ်နေသော ကျေးတောသားတစ်ယောက်က သမ္မတ အိမ်ဖြူတော်ကို ရောက်သွားသကဲ့သို့တည်း။ (ဥပမာ- တောင်သူကြီးမင်း)။
တခါတရံ လုံးဝ မျှော်လင့်ထားသောအရာများကလည်း ရုတ်တရက် ပျောက်ကွယ်တတ်၏။ ပါးစပ်ပေါက်နား ရောက်နေသော အသားတုံး ပြုတ်ကျသွားသကဲ့သို့တည်း။ ထို့ကြောင့် ရှေးလူကြီးသူမ များက “ဘ၀ဆိုတာ သစ်ငုတ်မြင့်တုံ၊ မြက်မြင့်တုံပါပဲ”ဟု ပြောကြခြင်း ဖြစ်ပေလိမ့်မည်။ မည်သည့်အရာမဆို မတည်မမြဲဖြစ်တတ်ပုံကို သင်ခန်းစာ ယူဖို့ပင်တည်း။
မိမိသည် ဤနှစ်၌ (၂၀၀၉) မလေးရှားသို့ ရောက်လိမ့်မည်ဟု မမျှော်လင့်ခဲ့သလို သွားမည် ဟုလည်း စိတ်မကူးခဲ့ပါ။ နှစ်ပေါင်းများစွာ ကွဲကွာနေသော မိတ်ဆွေ မလေးရှားကျောင်းထိုင် ဘုန်းကြီးနှင့် အမှတ်မထင် ဆုံတွေ့ရသောကြောင့် ၂၀- ၁၂- ၂၀၀၉- ရက်နေ့တွင် မလေးရှားသို့ အမှတ်တမဲ့ ရောက်ရှိလာခြင်းဖြစ်ပေသည်။
မိမိသည် ဒေါက်တာ အရှင်ဣန္ဒကနှင့် မတွေ့သည်မှာ ၁၀-နှစ်ကျော်သွားပေပြီ။ လူချင်းမတွေ့ သော်လည်း သူသည် သီရိလင်္ကာမှ M.A ဘွဲ့ရကြောင်းကိုလည်းကောင်း၊ ဘုံဘေတက္ကသိုလ်မှ Ph.D ဒေါက်တာဘွဲ့ရကြောင်းကိုလည်းကောင်း၊ ယခုလောလောဆယ်မှာ မလေးရှားမှာ ကျောင်းထိုင်နေ ကြောင်းကိုလည်းကောင်း သူနှင့်ပတ်သက်သည့်သတင်းကတော့ ကြားသိနေရ၏။
ယခုခေတ် မီဒီယာများက လူသားများအတွက် အလွန်ကျေးဇူးများလှပေသည်။ ခေတ္တခဏ ကွဲကွာနေသော မိတ်ဆွေများ၊ လုံးဝ မတွေ့လောက်တော့ဘူးဟု ထင်ရသော မိတ်ဆွေများကို အင်တာနက်၏ ကျေးဇူးကြောင့် ပြန်လည်ဆုံတွေ့ကြ၏။ ထို့ကြောင့် အင်တာနက်သည် မိတ်ဆွေများ ဆုံစည်းရာဋ္ဌာနလေးပင် ဖြစ်နေတော့သည်။ “အို အင်တာနက် thank you very much”ဟု ပြောရမလိုပင်။
ဒေါက်တာ အရှင်ဣန္ဒကနှင့်မိမိသည် အင်တာနက်အွန်လိုင်းပေါ်မှာပင် အမှတ်မထင် ဆုံဖြစ် ခဲ့ကြလေတော့သည်။ ထိုအခါကြမှ သူ့အကြောင်း ကိုယ့်အကြောင်း ပြောဖြစ် လေတော့သည်။
သူသည် မလေးရှားရောက်သည်မှာ ၃-နှစ်ခန့်မျှ ရှိပြီ ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာကို ကိုးကွယ်သူ တရုတ်မျိုးနွယ် ဒကာ, ဒကာမများ၏ ပင့်ဖိတ်မှုကြောင့် ရောက်လာခြင်း ဖြစ်ကြောင်း၊ ဓမ္မပြန့်ပွားရေး အတွက် တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်နေကြောင်း၊ တရုတ်ကလေးငယ်များ အတွက် ဆန်းဒေး စကူးလ် ဖွင့်လှစ်ထားကြောင်း၊ မြန်မာပြည်တွင်းမှာလည်း မိတ်ဆွေရဟန်းများနှင့် စုပေါင်း၍ ဓမ္မစင်တာ တစ်ခု ဖွင့်လှစ်ဖို့ စိုင်းပြင်းနေကြောင်း၊ အနာဂတ်ရဟန်းတော်လေးများအတွက် ပညာရေးတိုးတက်ဖို့ သင်တန်းများ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်းစသည်ဖြင့် သူ့ရည်ရွယ်ချက်ကို ပြောပြလေသည်။
မိမိလည်း သူ့၏ ဘာသာ, သာသနာအပေါ်ထားရှိသော သဒ္ဓါတရားကို အတော်လေး အားရ ကျေနပ်မိလေသည်။ သူသည် ရံဖန်ရံခါ စာရေး၏။ မြန်မာလူမျိုးများအား မြန်မာဘာသာဖြင့် ဟောပြီး နိုင်ငံခြားးသားများးအား အင်္ဂလိပ်ဘာသာဖြင့် တရားဟော၏။ ခေတ်နှင့်လျော်ညီသောအမြင်, ခေတ်နှင့်အံဝင်ဂွင်ကျဖြစ်သောအတွေး ရှိ၏။ ဗုဒ္ဓသာသနာတိုးတက်ဖို့အတွက် စိတ်အားထက်သန်၏။ အနေအထိုင်ကောင်း၏။ လူကြီးလူကောင်းပီပီ ပြောတတ်ဆိုတတ်၏။ ထို့ကြောင့် တရုတ်မျိုးနွယ်ဒကာ, ဒကာများက သူ့ကို အထူးလေးစားကြည်ညို ကြပေသည်။
သူသည် မိမိအား မလေးရှားရှိ သူ့ကျောင်းကို လေ့လာဖို့ ဖိတ်ကြားလေသည်။ သို့နှင့် မိမိသည် ကေလနိယတက္ကသိုလ် (သီရိလင်္ကာ) စာမေးပွဲပြီးဆုံးသောအခါ ကွာလာလမ်ပူမြို့သို့ အမှတ်မထင် ရောက်ရှိခဲ့လေတော့သည်။
ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်သို့ ရောက်သောအခါ မလေးရှားနိုင်ငံ၏ အာရှ၏ ကျားတစ်ကောင်ဖြစ်မှန်းကို ကောင်းကောင်းကြီး မြင်တွေ့ရလေတော့သည်။ ကွာလာလမ်ပူ၏ ကြီးကျယ် ခန်းနားမှုက မိမိ၏ မျိုးချစ်စိတ် (၀ံသာနု)ကို အမိမြန်မာပြည်သို့ ဆွဲခေါ်သွားလေတော့သည်။ “ငါတို့ မြန်မာ ပြည်ကြီးလည်း အခုလို ကြီးကျယ်ခန်းနားလျှင် ကောင်းမှာပဲ”ဟု။
လူတိုင်းလူတိုင်းသည် ကိုယ့်နိုင်ငံကိုချစ်၏။ ကိုယ့်ဘာသာကို မြတ်နိုး၏။ ကိုယ့်သာသနာကို တန်ဖိုးထား၏။ ထို့ကြောင့်မြန်မာလူမျိုးမှန်သမျှ ရွှေတိဂုံဘုရားကို တမ်းတခြင်းဖြစ်ပေသည်။ ကမ္ဘာမှာ အလှဆုံး ဗိသုကာကို ပြပါဆိုလျှင် မိမိသည် ရွှေတိဂုံဘုရားကိုပဲ ညွှန်ပြပေမည်။ ရွှေတိဂုံကို ဖယ်ရှားလိုက်လျှင် မြန်မာပြည်၏အလှသည်လည်း နိဂုံးချုပ်သွားပေမည်။ ရွှေတိဂုံဖြင့်တန်ဆာဆင်ထား သော မြန်မာပြည်ကို စက်မှုနိုင်ငံအဖြစ်တည်ဆောက်နိုင်လျှင် အချိုပေါ်သကာလောင်းသကဲ့သို့ “အာရှ၏ ကျားဆိုမှကျား” ဖြစ်သွားပေလိမ့်မည်တကား။
မလေးရှားနိုင်ငံ၌ အလုပ်လုပ်နေကြသော မိမိနှင့်ရင်းနှီးသည့် မြန်မာလူငယ်များကို ပြောဆိုဆက်ဆံကြည့်သောအခါ သူတို့လေးများ၏ အလုပ်ကြိုးစားမှု, ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အပေါ် ချစ်ခင်မှု, မြတ်ဘုရားသာသနာကို လေးလေးစားစား ရှိမှုကို သိမြင်ရခဲ့လေသည်။ အထူးအားဖြင့် သူတို့၏ မျိုးချစ်စိတ်ဓာတ်ကို အတော်လေး သဘောကျမိ၏။
မိမိသည် စူးစမ်းလိုသဖြင့် “မင်းတို့မြန်မာပြည်ကို မပြန်ချင်ဘူးလား”ဟု လူငယ်လေးများကို မေးလိုက်၏။
လူငယ်လေး တစ်ယောက်က ပြော၏။ “ဘုန်းဘုန်းဘုရား ဘယ်လိုမေးလိုက်တာလဲ၊ ပြန်ချင်တာပေါ့၊ အတောင်ပံပါရင် အခုပဲ ချက်ချင်း ထပြီး မြန်မာပြည်ကို ပြန်လိုက်ချင်တယ်ဘုရား”တဲ့။
တချို့ကတော့“ကြီးကျယ်ခန်းနားတဲ့ အခန်းထဲမှာ အဲယားကွန်းလေကို ရှူရတာထက် ရွာရှေ့က တမာရိပ်မှာ သင်းပြန့်ပြန့် လေရနံ့လေးကို ရှူရတာက ပိုပြီးလန်းပါတယ်”တဲ့။ အများအားဖြင့် မြန်မာ လူငယ်လေးများသည် အခြေအနေ အမျိုးမျိုးကြောင့် နိုင်ငံရပ်ခြား၌ မနေချင်ဘဲနှင့် နေကြရခြင်း ဖြစ်ပေသည်။
အလုပ်အကိုင် အတော်အဆင်ပြင်နေသော ရန်ကုန်သား လူငယ်လေးတစ်ယောက်ကတော့ “မလေးရှားမှာ နေရတာကလည်း ကြီးကျယ်ပါတယ်၊ ၀င်ငွေကလည်း မီလျံနာသူဋ္ဌေးလောက် မဟုတ်တောင် တပည့်တော်အနေနဲ့ဆိုရင် တော်တော် အဆင်ပြေပါတယ်၊ ဒါပေမဲ့ ရွှေတိဂုံဘုရားကို မဖူးရလို့ မပျော်တစ်ဝက် ပျော်တစ်ဝက်ပါဘုရား”တဲ့။
မိမိသည် နိုင်ငံရပ်ခြားတိုင်းတပါး၌ ၃-နှစ် ၃-မိုး ၀ါဆိုဖူး၏။ သို့သော် ၁-နှစ်မှ မပျော်ရွှင်ခဲ့ပါ။ အခြေအနေအရသာ နေရခြင်းဖြစ်ပေသည်။ မိခင်မြန်မာပြည်က လွဲ၍ ဘယ်တိုင်းပြည်, ဘယ်နိုင်ငံမျှ မနေချင်။ ထို့ကြောင့် သူတို့လေးများ၏ အလွမ်းဓာတ်ကို မိမိ ကိုယ်ချင်းစာမိပါသည်။ ကိုယ့်တိုင်းပြည်ကိုချစ်သောကြောင့် ကိုယ့်တိုင်းပြည်ကို လွမ်းကြခြင်းပင်တည်း။ ကိုယ်ချစ်သော အမိတိုင်းပြည်ကို တိုးတက်စေချင်သည်မှာလည်း မြန်မာလူမျိုးတိုင်းရဲ့တစ်ခုတည်းသော ဆန္ဒပင်။
ထို့ကြောင့် အာရှ၏ကျားတစ်ကောင်အဖြစ် ရပ်တည်နေသော မလေးရှားကို ကြည့်ပြီး ဧ၀ံ- ဤသို့၊ မေ- ငါသည်၊ စိန္တိတံ- ကြံစည်စဉ်းစား မိလေတော့သည်။
တနေ့သောအခါ …
“မြန်မာသည် အာရှ၏ ကျားဆိုမှကျား၊ ကိုးတောင်ပြည့် ကျား”
---------------
အရှင်ဒေ၀ိန္ဒာဘိဝံသ
(၂၃၊ ၁၂၊ ၂၀၀၇)
Posted by
အရှင်နာယကာလင်္ကာရ
at
12/23/2009 10:46:00 AM
Labels: ဗဟုသုတ 0 comments
Sunday, December 20, 2009
သီတဂူဆရာတော်ကြီး၏ မီနီဆိုးတား ဓမ္မဒူတခရီး ဓာတ်ပုံ မှတ်တမ်း
Posted by
အရှင်နာယကာလင်္ကာရ
at
12/20/2009 02:01:00 PM
Labels: ဓာတ်ပုံ 0 comments
ဘုရားသခင်ရောင်းပါသလားး?
ကောင်လေးငယ်တစ်ယောက် ဒေါ်လာတစ်ဒေါ်လာကိုင်ပြီး တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့ သူလိုချင်တဲ့အရာကို လိုက်မေးနေခဲ့တယ်။
"ဒီဆိုင်မှာ ဘုရားသခင်ရောင်းပါသလား?"
အဲဒီလို သူမေးလိုက်တိုင်း ဆိုင်ရှင်တွေက သူ့ကိုနောက်ပြောင်သူ၊ ကျပ်မပြည့်သူထင်ပြီး ဆိုင်ပြင်ဖက်ကို မောင်းထုတ်လိုက်ကြတယ်။ နေဝင်မိုးချုပ်ခါနီးအချိန်မှာ (၂၉)ဆိုင်မြောက် ဆိုင်ပိုင်ရှင်က သူ့ကိုနွေးနွေးထွေးထွေး ကြိုဆိုခဲ့တယ်။
ဆိုင်ပိုင်ရှင်က ဆံပင်တွေဖြူဖွေးနေတဲ့ အသက်(၆ဝ)ကျော် အဘိုးအိုတစ်ဦးဖြစ်တယ်။ ကလေးငယ်ရဲ့အမေးကို ကြားတော့ အဘိုးအိုက ပြုံးပြုံးရယ်ရယ်နဲ့ ပြန်မေးခဲ့တယ်။
"ကလေး.. ဘုရားသခင်ကို ဝယ်ပြီး ဘာလုပ်မလဲ? အဘိုးကို ပြောပြနိုင်မလား?"
အဘိုးအိုရဲ့ ကြင်နာတဲ့စကားကိုကြားတော့ ကလေးငယ်က မျက်ရည်အဝဲသားနဲ့ သူ့နာမည်ဟာ ဘွန်နီဖြစ်ကြောင်း၊ ငယ်စဉ်က မိဘတွေသေဆုံးခဲ့လို့ ဦးလေးဖြစ်သူနဲ့နေကြောင်း ပြောပြတယ်။ ဦးလေးက လက်သမားတစ်ဦးဖြစ်ကြောင်း၊ ရှေ့ရက်က ဦးလေးဟာ အမြင့်ပေါ်ကပြုတ်ကျပြီး ဆေးရုံရောက်နေရကြောင်း၊ အခုချိန်ထိ မေ့မျောနေသေးကြောင်း၊ ဆရာဝန်က "ဘုရားသခင်"သာလျှင် ဦးလေးကို ကယ်တင်နိုင်မယ့်အကြောင်း ပြောတယ်။ ဘွန်နီက ဘုရားသခင်ဆိုတာ အရမ်းထူးဆန်းတဲ့အရာဖြစ်လိမ့်မယ်။ ဒါကြောင့် ဦးလေးအသက်ရှင်ဖို့ ဘုရားသခင်ကို သူလိုက်ဝယ်နေကြောင်း အဘိုးအိုကိုပြောပြခဲ့တယ်။
အဘိုးအိုက ကရုဏာသက်စွာနဲ့ "ကလေးမှာ ပိုက်ဆံဘယ်လောက်ရှိလဲ?" လို့ ဘွန်နီကိုမေးတယ်။
"တစ်ဒေါ်လာရှိပါတယ်"
"ကလေး... ဘုရားသခင်ရဲ့ တန်ဖိုးကလည်း တစ်ဒေါ်လာပဲကွ!"
အဘိုးအိုဟာ ပြောပြောဆိုဆို စင်ပေါ်မှာရှိတဲ့ "Kiss of God"တံဆိပ် အချိုရည်ပုလင်းယူပြီး ဘွန်နီကို လှမ်းပေးလိုက်တယ်။
"ယူသွား.. ကလေး.. မင်းဦးလေး ဒီ "ဘုရားသခင်"ကို သောက်ပြီးရင် နေကောင်းသွားလိမ့်မယ်"
ဘွန်နီက ဝမ်းသာအားရ အချိုရည်ပုလင်းကို ရင်ခွင်ထက်မှာပွေ့ပြီး ဆေးရုံကိုအပြေးသွားခဲ့တယ်။ လူနာခန်းထဲရောက်တာနဲ့ "ဦးဦး.. ဦးဦး.... ဘုရားသခင်ကို သားဝယ်ခဲ့ပြီ... ဦးမကြာခင် နေကောင်းသွားလိမ့်မယ်" လို့ပြောတယ်။ နောက်တစ်ရက်မှာ အထူးကုအဖွဲ့တစ်ဖွဲ့ ဆေးရုံကိုရောက်လာခဲ့ပြီး ဘွန်နီ့ဦးလေးကို ဆေးကုပေးခဲ့တယ်။
အဲဒီအဖွဲ့က အကောင်းဆုံးကုသမှု၊ ခေတ်အမီဆုံးကိရိယာတွေနဲ့ ဘွန်နီဦးလေး နေကောင်းပျောက်တဲ့အထိ ကုသပေးခဲ့တယ်။ ဆေးရုံကမဆင်းခင် ကြီးမြင့်တဲ့ကုန်ကျစရိတ်ကိုမြင်တော့ ဘွန်နီဦးလေး ပြန်မေ့မျော့သွား မတတ်ပါဘဲ။ ဒါပေမယ့် ဆေးရုံတာဝန်ခံက ကုန်ကျစရိတ်တွေကို အဘိုးအိုတစ်ဦး ရှင်းပေးခဲ့ကြောင်း၊ အဲဒီအဘိုးအိုဟာ သူဌေးသူကြွယ်တစ်ဦးဖြစ်ပြီး နိုင်ငံခြားကုမ္ပဏီတစ်ခုရဲ့ ဥက္ကဌရာထူးကနေ အငြိမ်းစားယူထားကြောင်း၊ သူ့အားလပ်ရက်ကို ကုန်စုံဆိုင်လေးဖွင့်ပြီး ကုန်ဆုံးခဲ့ကြောင်း၊ အထူးကုအဖွဲ့ကိုလည်း သူပဲငှားရမ်းခဲ့ကြောင်းပြောပြတယ်။
အဘိုးအိုကို ဘွန်နီတို့ အရမ်းကျေးဇူးတင်မိခဲ့ပြီး အဘိုးအိုကို သွားရောက်ရှာဖွေခဲ့တယ်။ ဒါပေမယ့် အဘိုးအိုက ဆိုင်ကိုရောင်းပြီး ခရီးထွက်သွားခဲ့ပါတယ်။ ရက်သိပ်မကြာခင်မှာပဲ အဘိုးအိုရဲ့စာတစ်စောင်ကို သူတို့လက်ခံရရှိခဲ့တယ်။ စာထဲမှာက...
"အမောင်လူငယ်... ခင်ဗျားမှာ ဘွန်နီလိုတူတစ်ယောက်ရှိတဲ့အတွက် အရမ်းကံကောင်းပါတယ်။ ခင်ဗျားအသက်ကိုကယ်ဖို့ ငွေတစ်ဒေါ်လာနဲ့ နေရာအနှံ့ ဘုရားသခင်ကို သူလိုက်ဝယ်ခဲ့တယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါ.. ခင်ဗျားအသက်ကို သူကယ်လိုက်ပါတယ်။ ဒါပေမယ့် ခင်ဗျားသေချာမှတ်ထားရမှာက တကယ့်ဘုရားသခင်ဆိုတာ လူတွေရဲ့မေတ္တာစိတ်ပဲဖြစ်တယ်" လို့ ရေးထားပါတယ်။
မှတ်ချက်။ ။ဖော်ဝါ့မေးလေး တစ်ခုမှ ရသည်။ မည်သူမည်ဝါ ဘာသာပြန်သည် မပါသဖြင့် မဖေါ်ပြနိုင်ပါ။ သိပါက စီဘောက်စ်တွင် ရေးသားခဲ့ပါ။
Posted by
အရှင်နာယကာလင်္ကာရ
at
12/20/2009 01:54:00 PM
Labels: အသိပညာပေး 1 comments
Friday, December 18, 2009
သီတဂူဆရာတော်ကြီး၏ မီနီဆိုးတား ဓမ္မဒူတခရီး မှတ်တမ်း
သီတဂူဓမ္မဝိဟာရကျောင်း
သီတဂူဆရာတော်ဘုရားကြီး
Posted by
အရှင်နာယကာလင်္ကာရ
at
12/18/2009 07:28:00 PM
Labels: ဘာသာရေး ဗဟုသုတ 0 comments
Thursday, December 17, 2009
သီတဂူဆရာတော်ကြီး၏ အမေရိကန် ဓမ္မဒူတ ခရီးစဉ် မှတ်တမ်း
Posted by
အရှင်နာယကာလင်္ကာရ
at
12/17/2009 09:33:00 PM
Labels: ဓာတ်ပုံ 0 comments
သီတဂူဆရာတော်ကြီး၏ အိန္ဒိယ ဓမ္မဒူတ ခရီးစဉ် မှတ်တမ်း
Posted by
အရှင်နာယကာလင်္ကာရ
at
12/17/2009 09:17:00 PM
Labels: ဓာတ်ပုံ 0 comments
Tuesday, December 15, 2009
အမေ မသိသေးသော အကြောင်းများ
မဂ္ဂဇင်း ကာတွန်းတစ်ခုထဲမှာ ဒီလိုဖတ်ဖူးပါတယ်။ မိန်းမနှစ်ယောက် ဈေးက အပြန်လမ်းမှာတွေ့တော့ တစ်ယောက်ကနောက်တစ်ယောက်ကို ပြောနေတာ။
‘ကျွန်မအမျိုးသားက နိုင်ငံခြားမှာ အလုပ်လုပ်နေတာလေ။ သားက လည်း နိုင်ငံခြားမှာပဲ။ သမီးကတော့ အဲဒီမှာ ပဲကျောင်းတက်နေလေရဲ့’
‘ဟင် ဒါဆိုရှင်က ဘာလို့ လိုက်မသွားတာလဲ’
‘အဟင်း ကျွန်မကကြွားခြင်လို့ နေခဲ့တာလေ’ တဲ့။
အဲဒီ ကာတွန်းလေးက အမေပြောပြတာပါ။ အမေကတော့ ဟုတ်မှာပေါ့လေ။ ဒါပေမယ့် အမေမသိသေးတာ တွေ အများကြီးရှိပါသေးတယ်။
‘ဟုတ်တယ် နိုင်ငံခြားမှာ လမ်းတွေတအား ကောင်းတာတဲ့။ တစ်မြို့လုံးလည်း သန့်ရှင်းနေတာပဲတဲ့။ လျှပ်စစ် မီးဆိုတာတော့ ပြောစရာကို မရှိဘူးတဲ့’
အမေကတော့ မိတ်ဆွေတွေနဲ့ တွေ့တိုင်း အဲလိုပြောလေရဲ့။ ဒါပေမယ့် အမေပြောပြောနေတဲ့ နိုင်ငံခြားမှာ တစ်အား ကောင်းနေတာတဲ့ ဆိုတာ ကျွန်တော်ကတော့ လက်မခံဘူးအမေ။ တစ်ကယ်တော့ နိုင်ငံခြားက တစ်အားကောင်းဒါမဟုတ်ဘူးဗျ။ ဒါတွေက ပုံမှန်ပဲ။ ကတ္တရာလမ်း ချိင့်ခွက်မရှိတာ ကို တကားကောင်းတယ် လို့ ပြောလို့ရမလား။ လမ်းဘေးတွေမှာ အမှိုက်မရှိတာရော တအားကောင်းနေတာလား။ လျှပ်စစ်မီး ခလုတ်ဖွင့် လိုက်တိုင်း ရှိနေတာကရော။ Bus ကားတွေ မြို့ပတ်ရထားတွေ အချိန်မှန်နေတာကရော အထူး အဆန်းလားပဲလား။ ကျွန်တော်ကတော့ အဲဒါကို အရမ်းကောင်းနေတယ်လို့ မယူဆဘူး အမေ။ ဒါတွေက ပုံမှန်လေ။ တစ်ကယ်တော့ ကျွန်တော်တို့ဆီက ပုံမမှန်ဖြစ်နေတာ။ အဲဒါကြောင့် နိုင်ငံခြား တစ်အား ကောင်းနေတယ်လို့ ပြောရင် သိပ်ဘ၀င် မကျဘူး အမေ။ နိုင်ငံခြားက ပုံမှန် ကျွန်တော်တို့ဆီက ပုံမမှန်။
သူတို့ဆီမှာ ရုပ်ဝတ္ထုပစ္စည်းတိုးတက်မှု့ကတော့ ထိပ်ပဲလေ။ ဒါပေမယ့် ကျွန်တော်တော့ ဒီမှာ အရမ်းပျော်နေပြီ။ သူတို့ နဲ့ တစ်သားထဲကျနေပြီ။ အင်တာနေရှင်နယ် စတန်းဒက် ဖြစ်နေပြီလို့ အမေထင်ရင်တော့ အမေ မှားသွား ပြီ အမေရေ။ ကျွန်တော်ဆိုတဲ့ ကောင်က အမေ့အိမ်ကို ပြန်လာဖို့ပဲ အမြဲတွေးနေတဲ့သူလေ။ မလာနဲ့ ဒီမှာ နေပူ၊ ဖုန်ထူ၊ ခြင်ကိုက်၊ မီးပျက် လို့တော့ ကျွန်တော့်ကို မပြောပါနဲ့ အမေ။ ကျွန်တော်က အဲယားကွန်းခန်း ကိုမုန်းလို့ နေရောင်ခြည်လေး လိုချင်နေတဲ့သူ၊ လေအဝေ့မှာ ဖုန်နံ့လေးရှူနေရတာကို air fresher နံ့ထက်ပို ကြိုက်တဲ့သူ၊ အမှောင်ထဲမှာ ထိုင်ပြီး ယက်တောင်လေးနဲ့ ခြင်ရိုက်ပြီး စကားပြောရတာကို ပို သဘောကျနေတဲ့ သူဆိုတာ အမေမသိပါဘူးလေ။
တစ်ချို့ကတော့ ပြောကြတယ်။ နိုင်ငံခြားမှာက အရည်အချင်းရှိဖို့ပဲ အရည်အချင်းရှိရင် အားလုံးတန်းတူပဲတဲ့။ အခုကမ္ဘာကြီးက Globalization ဖြစ်နေပြီတဲ့။ နေရာဒေသလေးတစ်ခုကို စွဲလမ်းနေလို့ မဖြစ်ဘူးတဲ့။ ရေကြည် ရာမြက်နုရာမှာ တိုးတက်အောင်နေရမှာပဲတဲ့။ တစ်ခုတော့ မေးပါရစေ။ ကမ္ဘာကြီးက တစ်ကယ့်ကို ကမ္ဘာ့ရွာကြီး ဖြစ်နေပြီလား။ လူမျိုးရေး ခွဲခြားမှု့တွေ မရှိတော့ဘူးလား။ ကျွန်တော့်မေးခွန်းကို သေချာဖြေကြည့်ပါ။ အမေရေ ကျွန်တော်တော့ ကမ္ဘာကြီးက နည်းပညာတစ်ခုကလွဲလို့ ဘယ်နေရာမှ တကယ် Globalize မဖြစ်သးဘူးလို့ ထင်တယ် အမေ။ ကျွန်တောတို့လို နိုင်ငံက လာတဲ့သူတွေကို ရုပ်ဝတ္ထုပစ္စည်း တိုးတက်နေတဲ့ နိုင်ငံတွေက သူတွေက (လူများစုပါ။ လူအားလုံးကို မဆိုလိုပါ) ဘယ်လိုမြင်တယ်ဆိုတာ့ အမေမသိသေးပါဘူးဗျာ။ ဒါတွေထားလိုက်ပါတော့။ အသေးစိတ်တွေ ပြောပြနေရင် အမေစိတ်မကောင်းဖြစ်နေမှာ။
တစ်ခါတစ်လေကြတော့ ကိုယ့်ကိုကိုယ် စက်ရုပ်တစ်ခုလိုထင်လာမိတယ်။ အလုပ်လုပ်နေတာ တစ်ကယ်ကို ထမင်းစားဖို့အတွက်လိုဖြစ်နေလို့ အမေ။ အရင်တုန်းက အမေ့အိမ်မှာ နေရင်းအလုပ်လုပ်ရတာကု အဓိပ္ပာယ် လေးတစ်ခုခု ရှိနေသလိုပဲ အမေ။ အခုတော့ ဘာမှ အဓိပ္ပယ် မရှိသလိုပဲ။ ကိုယ့်နိုင်ငံမှာ လုပ်တာကမှ ကိုယ့်လူမျိုး ကိုယ့်မွေးရပ်မြေအတွက် ဟုတ်ဟုတ် မဟုတ်ဟုတ် တစ်ခုခုတော့ အကျိုးရှိဦးမယ် အမေ။ ကျွန်တော့် ကိုလူမျိုးရေး အမြင်ကျဉ်းတယ်လို့ ပြောရင်းလည်း ကျေကျေနပ်နပ်ကြီး ခံပါမယ်ဗျာ။ အဲလောက် နိုင်ငံနဲ့ လူမျိုးကို ချစ်နေရင် ဘာလို့ထွက်လာသေးလဲကွာကို အပြစ်တင်မစောပါနဲ့။ လူ့ဘ၀မှာ လူတန်းစေ့ လေးတော့ နေချင်တယ်လေ။ အင်း ခက်တာက အခုလိုနေနိုင်စားနိုင်အောင် အမေ့အိမ်က မှာ နေပြီး ကျွန်တော် မရှာနိုင်ဘူး အမေရေ။ ကျွန်တော်ကပဲ ညံ့လွန်းလို့ပဲလား။ ရေကြည်ရာ မြက်နုရာဆိုရင် ကျွန်တော်တို့ဆီမှာ ရေတွေနောက်နေလို့လား။ မြက်တွေကခြောက်နေလို့လား။ ကျွန်တော် မစဉ်းစား တတ်ဘူးအမေရေ။
အမေမသိသေးတာတွေ အများကြီးရှိပါသေးတယ်ဗျာ။
ဥပမာ ဒစ်ဂျစ်တယ် နိုးစက်သံက ဘယ်လောက်မုန်းစရာကောင်းတယ် ဆိုတာ အမေခံစားဖူးမှ သိလိမ့်မယ် အမေ။ အမေတို့ဆီမှာ လူတွေ ဂုဏ်ယူဝင့်ကြွားစွာကိုင်နေတဲ့ ဟန်းဖုန်းဆိုတာ ကျွန်တော့် အတွက်တော့ နွားခလောက် တစ်လုံးနဲ့ ဘာမှ မထူးဆိုတာ အမေ မသိပါဘူး အမေ။ ဒီမှာ ရုပ်ဝတ္ထုပစ္စည်းအရ အများကြီးကောင်းတယ် ဆိုတာတော့ ကျွန်တော် မငြင်းပါဘူးအမေ။ ဒါပေမယ့်ဗျာ စာရေးဆရာတစ်ယောက် ပြောဖူးသလိုပေါ့။
‘ငှက်လှောင်အိမ်ကြီးကိုပဲ ဆေးသုတ်ပြီး အထဲက ငှက်ကလေးကို အစာမကျွေးရင် ဘာအဓိပ္ပာယ်ရှိမှလဲ’ တဲ့။
ဒီမှာတော့ ရွှေပိန်းချလှောင်အိမ်ကြီးတွေ ထဲက ပိန်လှီနေတဲ့ ငှက်ကလေးတွေ အများကြီး တွေ့ခဲ့ရလို့ အဲလိုတော့ မဖြစ်ချင်ဘူးအမေရေ။
ကျွန်တော်ကတော့ အချိန်တန်ရင် အမေ့အိမ်ကို ပြန်လာနိုင်အောင် ကြိုးစားနေတာ။ အမေရေ။ ငါ့သားက နိုင်ငံခြားမှာ အရမ်းအဆင်ပြေနေတာလို့ မကြွားပါနဲ့တော့ ဗျာ။ ငါ့သားက အမေ့အိမ်ကို တအားခင်တွယ်တာ လို့ပဲ ကြွားလိုက်စမ်းပါ။
အခြေအနေ တစ်ခုရောက်ရင် ကျွန်တော်ပြန်လာမှာပါအမေ။ ဘာအခြေအနေလဲလို့ တော့ မမေးပါနဲ့ အမေ။ အခြေအနေတစ်ခုပေါ့။…....
ညီတစ်ယောက်ရဲ့ forward mail လေးပါ... မူရင်းရေးသူမသိပါ.... ကြည့်ရတာ စင်္ကာပူကပဲ ထင်ပါရဲ့...
မှတ်ချက်။ သဘောကျလွန်း၍ ခံစားချက်တူညီနေသောကြောင့် ကောင်လေးတယောက်က ပို့ပေးတာကို ပြန်လည်မျှဝေခြင်းဖြစ်သည်။ မူရင်းရေးသူကို ဤနေရာမှလေးစားမိပါကြောင်း နာမည်သိပါက စီဘောက်မှာ ရေးပေးကြပါလို့...............................(မနက်ဖြန်)
Posted by
အရှင်နာယကာလင်္ကာရ
at
12/15/2009 05:57:00 PM
Labels: ဗဟုသုတ 2 comments
Friday, December 11, 2009
နေခဲ့သည်မှာ ခြောက်လသာ
(စိတ်ပညာရှင် ဆရာဒေါက်တာကျော်စိန်က အတွေးသစ်ဂျာနယ်တွင် “နေရမည်မှာ ခြောက်လသာ” ဟူသော ခေါင်းစဉ်ဖြင့် အခန်းဆက် ဘာသာပြန် ရေးသားခဲ့ပါသည်။ ဆရာဘာသာပြန်သော စာအုပ်မှာ ကင်ဆာရောဂါဖြင့် ကွယ်လွန် မည့်အချိန်ကို စောင့်နေရသော မိန်းကလေးငယ်တစ်ဦးအကြောင်းကို ရိုးစင်းစွာ ပြန်ဆိုခဲ့ပါသည်။ စာရေးသူ ကတော့ အမေရိကန်ပြည်ထောင်စု၊ မီနီဆိုးတားပြည်နယ်တွင် ခြောက်လတာ နေထိုင်ခဲ့ရာ ထိုနေထိုင်ခဲ့သည့် သာမန်ရဟန်းငယ်တစ်ပါး၏ ခြောက်လတာဖြတ်သန်းခဲ့မှုများကို သာမာန်စိတ်ကူးလေးဖြင့် တို့ထိကြည့်ရုံသက်သက်ဖြစ်ပါသည်။ ဆင်တူယိုးမှား ခေါင်းစီးအတွက် ဆရာဒေါက်တာ ကျော်စိန်ကို သည်နေရာမှနေ၍ ဂါရ၀ပြုတောင်းပန်အပ်ပါသည်။)
”လောကော သတ္တာန မာစေရော၊ အတ္ထာနတ္ထ ပဒဿကော”
အကျိုးရှိ၊အကျိုးမဲ့ပြတ်တတ်တဲ့ လောကကြီးဟာ လူတွေရဲ့ဆရာပါ။ (နီတိ)
(၁)
သူ အမေရိကားသို့ စ တင်ရောက်သောနေ့သည် ဧပြီ (၂၅)ရက်နေ့ ဖြစ်ပြီး၊ မီနှီဆိုးတားပြည်နယ်သို့ ရောက်သောနေ့သည် မေလ (၁၄) (သို့မဟုတ်) (၁၅)ရက်နေ့ ဖြစ်မည်ထင်ပါသည်။ သူ မီနီဆိုးတားပြည်နယ်သို့ ရောက်တော့ လေဆိပ်လာကြိုသူက ဒကာ ကိုအောင်ဆန်းဦး ဖြစ်သည်။ လေဆိပ်မှ ကျောင်းသို့ အသွား ကားပေါ်တွင် ဖွင့်လာခဲ့သည့် သီချင်းနာမည်ကိုတော့ မမှတ်မိတော့။ မှန်မိနေသည့် သီချင်းအဓိပ်ပါယ်က ”ဘ၀ဆိုတာ ကိုယ်ကြိုးစားမှ ရတယ်၊ဘယ်သူ့မှ အားကိုးလို့ မရ”ဆိုတာ ဖြစ်သည်။ အဲသည်သီချင်းကို နားထောင်ခဲ့စဉ်တုန်းကတော့ ဘာမှ ထဲထဲဝင်ဝင် မတွေးမိခဲ့။ အခုလို ကိုယ်ခြောက်လတာ ဖြတ်သန်းခဲ့သည် နေရာတစ်ခုကို စွန့်ခွါတော့မည်ဆိုတော့ ပထမဆုံးသတိရမိလိုက်သည်က အလာတုန်းက နားထောင် ခံစားခဲ့ဖူးသည့် ထိုသီချင်းသာ…။
(၂)
သူငယ်ချင်းရဟန်းသံဃာအများစုနှင့် မိဘဆွေမျိုး၊ဆရာသမားများက ကိုယ်သံယောဇဉ်ရှိသော သူတစ်ယောက် လူတော်တော်များများ ရောက်ဖူးနေဖူးချင်သော အမေရိကားသို့ နေထိုင်သည်ဆိုတော့ အားလုံးက ၀မ်းမြောက်ကြည်နူးနေကြသည်။ သို့သော် အပြည့်အ၀၀မ်းမမြောက်နိုင်သည်က သူ့မိခင်(မယ်တော်)ကြီး ဖြစ်သည်။ သူ အမေရိကားသို့ သွားမည်ဆိုတော့ မိခင်ကြီးက “မောင်ပဉ္ဖင်းရယ် ငွေလည်းရှုံး၊ လူလည်းရှုံးပါ တယ်။ မသွားပဲနေပါလား”ဟု သားကို ခွဲရမည့်စိတ်၊ စိတ်မချသည့်ဝေဒနာဖြင့် တားခဲ့ဖူးသည်။ ဆိုတော့ အခက်အခဲအချို့ကို အောင်မြင်စွာ ဖြတ်သန်းပြီး အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာခဲ့သည်။ သူ နေထိုင်ရာ မီနီဆိုးတားပြည်နယ်သည် ရာသီဥတုကြမ်းသည်ဟုတော့ ကြားဖူးသည်။ သို့သော် ထိုရာသီဥတုကြမ်းတမ်းမှုသည် ဒကာ+ဒကာမများ၏ နွေးထွေးမှုဖြင့် သက်သာရာရခဲ့သည်။ သူ့နှင့် အတူနေထိုင်သီတင်းသုံးသည့် ဆရာတော် ခရီးလွန်ပြီး ၀ါဆိုပြန်မကြွလာနိုင်တော့သောအခါ တစ်ယောက်တည်း ကိုယ့်စိတ်ကို အားတင်းရင်း ၀ါတွင်းသုံးလကို ကျော်လွန်ခဲ့နိုင်ခဲ့ပါသည်။
အထူးသဖြင့် ဆရာတော်ခရီးလွန်နေသည့် တစ်ဝါတွင်းလုံး သူတစ်ပါးတည်း နေထိုင်ရသည့်အခါ တစ်ကျောင်းလုံး တစ်ပါးတည်းနေပေမင့် စိတ်တွေ ကျဉ်းကျပ်လွန်းသည်။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ကြီးမားကျယ်ပြောသလောက် စိတ်ပိုင်းဆိုင်ရာ ကျဉ်းကျပ်နေခြင်းဟု ပြောလျင် ဖြစ်နိုင်မည်ထင်သည်။ လူငယ်တစ်ယောက်အနေဖြင့် သည်လိုအချိန်ကောင်းတွေကို အကျိုးမဲ့ဖြုန်းတီးနေသည်မှာ ထိုကာယကံရှင်လူငယ်အတွက် အလွန်ပင် ကြောက်စရာကောင်းလွန်းလှသည်။ ပြီးတော့ ဆရာတော် ခရီးလွန်သည့် ကိစ္စနှင့်ပတ်သက်ပြီး သူ့ပယောက မကင်းဟု ဝေဖန်သည့်သူက ရှိနေပြန်သည်။ အဲသည်လို ဝေဖန်သံ ထွက်လာတော့ တစ်ခါတည်း ကျောင်းကို သူ ပစ်ထားခဲ့ဖို့ စိတ်ကူးခဲ့သေးသည်။ သို့ပေမင့် ၀ါတွင်းဖြစ်သည် ကတစ်ကြောင်း၊ ဘုန်းကြီးကျောင်း ဖြစ်ပြီး ဘုန်းကြီးမရှိလျင် မကောင်းဟု တွေးမိသည်ကတစ်ကြောင်း ဒကာ+ဒကာအများစုကို ငဲ့သောအားဖြင့် စိတ်နောက်ကိုယ်ပါ မဆုံးဖြတ်ဖြစ်ခဲ့။
မီနီဆိုးတားကို သူ တခုတ်တရ ရှိနေသည်က ကျောင်းနောက်တွင့် ဆေးလိပ်ဖွာရင်း လောကပြတင်းကို ကြည့်ခွင့်ရသည့် ကာလလေးများပင် ဖြစ်သည်။ တိတ်ဆိတ်သော၊ ငြိမ်သက်အေးချမ်းသော၊ ရှင်တော်ဘုရားဟောကြားခဲ့သော ကျောင်းတည်ရာနေရာ အင်္ဂါများနှင့် ညီညွတ်သော သီတဂူဓမ္မ၀ိဟာရ၏ အရိပ်သည် ဒကာ+ဒကာမများ၏ ၀မ်းသာမှုကြောင့် ကျသည့် မျက်ရည်၊ ၀မ်းနည်းမှုကြောင့် ကျသည့်မျက်ရည်များကို သင့်လျော်သလို ထိန်းကျောင်းပေးနိုင်ခဲ့သည်။ သို့သော်…. ဒါပေသည့်……။။
သို့သော်…ဒါပေသည့်ဟူသော စကားလုံးများသည် အရာဝတ္ထုတစ်ခု၊ လူပုဂ္ဂိုလ်တစ်ယောက် မည်မျှကောင်းနေသည်ဖြစ်စေ…နောက်ဆုံး သို့သော်…ဒါပေသည့်စကားများနှင့် ဆက်စပ်လိုက်လျင် ရှေးက ကောင်းသမျှ ပျက်သွားတတ်စမြဲ။ ဒါပေသည့် သူလည်း သို့သော်..ဒါပေသည့် စကားလုံးများကို သုံးရပေ ဦးတော့မည်။ ကြာမရှိသော ရေကန်သည် မတင့်တယ်သကဲ့သို့ သီတင်းသုံးမည့် သံဃာမရှိသော ကျောင်းသည်လည်း တင့်တယ်နိုင်ပါမည်လား။ သူ တွေးနေမိသည်။ ရှင်တော်မြတ်ဘုရားကတော့ အင်္ဂုတ္တိုရ်ကျန်းစာတွင် အပရိဟာနိယ-မဆုတ်ယုတ်ကြောင်းတရားများ ဟောခဲ့တာ မှတ်းသားဖူးသည်။ ထိုအပရိ ဟာနိယ-မဆုတ်ယုတ်ကြောင်းတရားများတွင်..“မိမိတို့ နေရပ် (သို့မဟုတ်)တိုင်းပြည်မြို့ရွာတွင် မရောက်လာ သေးသော ရဟန်းသံဃာများ လာချင်ကြွချင်အောင်၊ ရောက်လာပြီးသော ရဟန်းသံဃာများ ပျော်မွေ့အောင် လုပ်နိုင်ရမည်”ဟူသော အင်္ဂါတစ်ရပ်ပါရှိသည်။ သို့ဆိုလျင် သူ့အပေါ် ကျေးဇူးများခဲ့သည့် ဒကာ+ဒကာမတွေကို အထက်ပါအင်္ဂါရပ်လေး ပြည့်စုံအောင် ကြိုးစားစေချင်လှသည်။ အေးလေ ဒါက ကိုယ့်ဆန္ဒကိုး။
(၃)
ဝါကျွတ်တော့ ခရီးများ သွားဖြစ်သောအခါ အမေရိကန်ပြည်ထောင်စုရှိ ဘုန်းကြီးကျောင်းများ၏ ရပ်တည် မှုများကို တီးမိခေါက်မိရှိလာသည်။ အမေရိကန်နိုင်ငံ၏ စနစ်နှင့် ဒေသအခြေနေအရ ဘုန်းကြီးကျောင်း တစ်ကျောင်းဖြစ်ဖို့ တရားဝင်အသင်းရှိရသည်။ တရားဝင်အသင်းဖြစ်ပေါ်ရန် ဒကာ+ဒကာမအများစုက အသင်းအဖွဲ့ရသည်။ ပြီးမှ ထိုအသင်းက ကျောင်းကို ဖြစ်မြောက်အောင် ဆောင်ရွက်ရသည်။ သို့သော် အခြေနေက သည်မျှနှင့် မရပ်သေး။ လူတော်တော်များများက ဘုန်းကြီးကျောင်းနှင့် အသင်း မကွဲကြ။ အသင်းရှိရင် ဘုန်းကြီးရှိစရာမလိုဟု ထင်နေကြပုံရသည်။ ဘုန်းကြီးရှိပြန်လျင်လည်း အသင်းတွေက ကျောင်းကို ထိန်းချုပ်နိုင်ရန် ကြိုးစားကြပြန်သည်။ ကျောင်းကို အသင်းက ထိန်းချုပ်မရလျင် အဲသည်ဘုန်းကြီး သိပ်မကြာခင် ကိုယ့်အိပ်ကိုယ်ဆွဲ ကြွဖို့ ပြင်ရဖို့ရှိသည်။ တကယ်တော့ အသင်းဆိုသည်မှာ သာသနာပြုဘုန်းကြီးကျောင်း၏ ဝေယျာဝေစ္စအဖွဲ့သက်သက်ဖြစ်သည်ကို လူအချို့က သဘောမပေါက်ကြ။ ပြီးတော့ အသင်းဖွဲ့တွေကို လူတွေက အုပ်စီးလာပါက ကျောင်းသံဃိကပစ္စည်ကို အသင်းပိုင်ပစ္စည်းလုပ်လာသည်။ ပြီးတော့ ကိုယ်ကျိုး အတွက် အနည်းဆုံး အခွန်ပေးတာလေးကအစ အသုံးချလာကြသည်။ ဤသည်ပင် အမေရိကန်ပြည်ထောင်စုရှိ ကျောင်းများ၊ အသင်းများ ပျက်စီးရခြင်း အကြောင်းများဖြစ်ပါသည်။
တကယ်တော့ ထိုကဲ့သို့ အသင်းနှင့် ကျောင်းကို အသုံးချလိုသောသူများမှာ အနည်းငယ်သာရှိပုံရသည်။ သို့သော် ထိုအနည်းငယ်ထဲတွင် ပါဝင်သော သူများက အရေးပါနေသူများဖြစ်ပါက ထိုအသင်း၊ ထိုကျောင်းသည် ဘာမျှ ရှေ့ဆက်ဖို့ မရတော့။ အသင်းပစ္စည်းအမှတ်ဖြင့် သုံးကြသည်ဆိုပါကလည်း ထိုအသင်းပစ္စည်းများ ဖြစ်လာကြသည်မှာ ဒကာ+ဒကာမအများစုက သံဃာကိုအာရုံပြု လှူးဒါန်းထားသော ငွေကြေးဥစ္စာများ ဖြစ်သည်ကို ထိုသူတို့ မေ့နေကြပုံရသည်။ သံသရာအတွက်တောင် မေ့နေမှတော့ ဒါလေး မေ့နေကြတာ အဆန်းတော့ မဟုတ်ဟု ထင်ပါသည်။ တစ်ခါတစ်လေ သူ့ဘာသာ တစ်ကိုယ်တည်း ထုတ်နေမိသော မေးခွန်းရှိနေသည်။ ဘုန်းကြီးကျောင်းပိုင် အသင်းလား၊ အသင်းက ပိုင်သော ဘုန်းကြီးကျောင်းလားဆိုသော ပြဿနာပင်ဖြစ်ပါသည်။ အသင်းပိုင် ကျောင်းဆိုလျင်တော့ ညီညွတ်သောအသင်းဖြစ်ဖို့ လိုသကဲ့သို့၊ ဆရာဒကာ ညီညွတ်နေဖို့ လိုနေပေလိမ့်မည်။
(၄)
ရှင်တော်မြတ်ဘုရားလက်ထက်တော်က တပည့်ရဟန်းသံဃာများသည် ၀ါလကင်းကျွတ်သဖြင့် ဘုရားဖူးသွား ကြသည့်အခါ ရှင်တော်ဘုရားကို မိမိတို့ ၀ါတွင်းသုံးလ အားထုတ်မှုကြောင့် မည်သည့်တရားထူးများ ရကြ သည်ကို လျှောက်ထားနိုင်ကြသည်။ လျှောက်ထားနိုင်အောင်လည်း ကြိုးစားအားထုတ်ခဲ့ကြသည်။ သို့ဆို လျင်…. ရှင်တော်မြတ်ဘုရား မရှိတော့ပေမည့် ဆရာသမားများရှိနေသေးသည့် သူ့အတွက် ၀ါလကင်းလွတ်ပြီး ဆရာသမားများကို တွေ့သည့်အခါ ”တပည့်တော် ဒီဝါတွင်းမှာ ဘာတွေလုပ်ခဲ့ပြီး ဘာအကျိုးကျေးဇူးတွေ ရခဲ့ပါသည်ဘုရား”ဟု လျှောက်ထားစရာ ရှိပါရဲ့လား။ သေသေချာချာတွေးကြည့်တော့ မည်ကာမတ္တတွေပဲ များနေသည်။ ရေရေလည်လည်ဘာမျှမရှိ။ တစ်ခုခုတော့ လျှောက်စရာရှိမှ ၊ ဘာမှ အကျိုးမရှိဘူးဆိုလျင် ”မင်းကွာ ဒီလောက်အဝေးကြီးမှာလည်းနေသေး၊ ဘာမှ တိုးတက်မလာပါလား” ဟု အပြစ်တင်နေမှဖြင့်။
ဆိုတော့.. အခု သူနေထိုင်ခဲ့သည့် ခြောက်လတာ ကာလအတွင်း ဘာတွေ တိုးတက်ခဲ့ပြီလဲဟု မေးလာလျင်တော့ မေးခွန်းတွေဖြေဖို့ အမေရိကန်သာသနာပြု ဘုန်းတော်ကြီးများအကြောင်း၊ သာသနာပြု အသင်းနာမည်ခံ အသင်းများအကြောင်း၊ ကိုယ့်ရဲ့ လူမှုရေးအကျိုးစီးပွားအတွက် သာသာနာကို အသုံးချပြီး အမေကျော် ဒွေးဒေါ်လွမ်းကြသူများအကြောင်း၊ …စသည့် စသည့် အကြောင်းအရာများ၊ အတွေ့အကြုံ များက များလှသောင်းပြောင်း ခေါင်းထဲသို့ ၀င်လာချေပြီ။ နေထိုင်ခဲ့သည်ကတော့ ခြောက်လမျှသာ။ သို့သော် အတွေ့အကြုံတွေက ခြောက်လစာမက။
(၅)
“ကိုင်း ကိုအောင်ဆန်းဦးရေ..လေယာဉ်နောက်ကျနေမယ်ဗျာ။သွားကြရအောင်”
ဆိုတော့၊ လေဆိပ်သို့ ကိုအောင်ဆန်းဦး၊ ဦးထွန်းနှင့် အသင်းဥက္ကဌ ဦးအောင်သန်းတို့ လိုက်ပို့ကြသည်။ လေဆိပ်မရောက်ခင် လမ်းခုလတ်ရောက်တော့ ပထမဆုံးအခေါက် လာတုန်းက နားထောင်ခဲ့သည့် သီချင်းကို မေးလိုက်မိသည်။
”ကိုအောင်ဆန်းဦး၊ ဦးဇင်း ဒီကို စလာတုန်းက ဖွင့်တဲ့ သီးချင်းလေး ဖွင့်ပြစမ်းပါဦးဗျာ။ ခံစားချက်နဲ့ ညီနေမလားလို့”
”ဘာလဲဦးဇင်း၊ ဌာနေကို မောင်လေ ပြန်ရတော့မယ်ဆိုတဲ့သီချင်းလား”
ရင်းရင်းနှီးနှီးပြောတတ်သော ကိုအောင်ဆန်းဦး၏ အမေးကို သူ ရုတ်တရက် မဖြေတတ်။ သူ့ရင်ဘတ်ထဲမှာ တော့ အလာခရီးတုန်းက နားထောင်ခဲ့သည့် သီချင်းအဓိပ်ပါယ်လေးကိုသာ သတိရနေမိပါသည်။
”ဘ၀ဆိုတာ..ကိုယ်ကြိုးစားမှ ကိုယ့်အတွက်တာ၊ ဘယ်သူ့ကိုမှ အားကိုးလို့ မရပါ”
ဟုတ်သည်။ ဘ၀တစ်လျှောက်လုံး ကိုယ်က ကိုယ့်ဘ၀ကို မဆုံးဖြတ်နိုင်ခဲ့ရင် ပတ်ဝန်းကျင်က ကိုယ့်ကို ဆုံးဖြတ် ပေးသွားလိမ့်မည်။သို့ဆိုလျှင် ကိုယ့်ဘ၀ရဲ့ အရှင်သခင် ဘယ်ဖြစ်တော့မလဲ။ တော်ရုံတန်ရုံ မည်သူ့ကိုမှ ယုံကြည် အားကိုးလို့မရပေ။ အမေရိကားလို နေရာမျိုးဆို ယုံကြည်ဖို့ ပိုခက်ခဲသည်။ ဘယ်သူတွေ ယုံထင်ထင် ကြောင် ထင်ထင်၊ ကိုယ့်ကိုယ်ကိုတော့ ခြင်္သေ့ထင်နေမှ။ ။
(သည်ခြောက်လတာ နေထိုင်ခဲ့စဉ်အတွင်း သက်ဆိုင်သူ အားလုံးကို ကျေးဇူးအထူးတင်ပါကြောင်း)
အရှင်နေမိန္ဒ
(၁၁၊၂၁၊ ၂၀၀၉)စနေနေ့ညနေ
ချီကာဂိုလေဆိပ်တွင် စိတ်ကူးဖြင့် စတင် ရေးဖွဲ့ခဲ့သည်။
Posted by
အရှင်နာယကာလင်္ကာရ
at
12/11/2009 12:50:00 PM
Labels: ခံစားချက် 0 comments
Thursday, December 10, 2009
တန်ဖိုး
ဟောပြောပွဲတစ်ခုမှာ နာမည်ကြီးဟောပြောသူတစ်ယောက်က ဒေါ်လာ ၂ဝတန်တစ်ရွက်ကို ကိုင်ထားရင်းနဲ့ သူ့ပရိတ်သတ်ကို အခုလိုပြောပါတယ် ။
"ကျွန်တော် ခင်ဗျားတို့ထဲက တစ်ယောက်ကို ဒါကို ပေးဖို့ရည်ရွယ်ထားပါတယ် ။ လိုချင်တဲ့သူရှိရင် လက်ညိုးထောင်ပါ" တဲ့ ။
ပရိတ်သတ်တွေရဲ့ လက်တွေအားလုံး လေထဲမှာဝဲပျံသွားတယ် ။
အဲ့ဒီအချိန်မှာ သူက အဲ့ဒီဒေါ်လာ၂ဝတန်ကို လုံးခြေပစ်လိုက်ပြီး "ဒါကိုရော လိုချင်တဲ့သူရှိသေးလား" လို့ ထပ်မေးပါတယ် ။ ပရိတ်သတ်တွေ သူတို့လက်ကို ပြန်မရုတ်သိမ်းကြသေးပါဘူး ။
သူက နောက်ထပ်တကြိမ် ဒေါ်လာ၂ဝ ကို ကြမ်းပြင်ပေါ်မှာ ပစ်ချပြီး သူ့ခြေထောက်နဲ့ နင်းချေလိုက်တယ် ။ အဲ့ဒီနောက် ညစ်ပတ်တွန့်ကြေနေတဲ့ ပိုက်ဆံကို ကိုင်ပြီး "အခု ဘယ်သူလိုချင်သေးသလဲ" လို့ ထပ်မေးပါတယ် ။ အားလုံး လက်ညိုးထောင်ထားဆဲပါပဲ ။
အဲ့ဒီတော့မှ သူက ပြောပါတယ် ။
ကျွန်တော်တို့ အားလုံး ဒီနေ့ သင်ခန်းစာ တစ်ခု ရခဲ့ပါပြီ ။ အခု ကျွန်တော့်လက်ထဲမှာရှိတဲ့ ပိုက်ဆံကို ဘယ်အနေအထားမှာပဲဖြစ်ဖြစ် ခင်ဗျားတို့ ကျွန်တော်တို့ လိုချင်နေကြတုံးပဲ ။ ဘာလို့လဲဆိုတော့ ကျွန်တော် ဘာပဲလုပ်လုပ် ပိုက်ဆံရဲ့ မူရင်းတန်ဖိုးကို ထိခိုက်ပြောင်းလဲမှုမရှိတဲ့အတွက်ကြောင့်ပါ ။
" ဘဝမှာလဲ ကိုယ်တိုင် ဆုံးဖြတ်ခဲ့တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့ အနေအထားတွေမှာ နင်းချေခံလိုက်ရတာတွေ၊ တခါတလေ ဒဏ်ရာအစွန်းအထင်းပေါင်းများစွာနဲ့ ပစ်ချခံခဲ့ရတာတွေကို အကြိမ်ပေါင်းများစွာ လူတိုင်း တွေ့ကြုံခံစားခဲ့ဖူးမှာပါ ။ အဲ့ဒီလိုအချိန်မှာ ကိုယ့်ကိုကိုယ် ဘာမှ အသုံးမကျတော့တဲ့ လူတစ်ယောက်လို ခံစားမိတဲ့ အခိုက်အတန့်မျိုးတွေလဲ ရှိကောင်းရှိခဲ့ပါလိမ့်မယ်။ "
ဘာပဲဖြစ်ဖြစ် ဒီနေ့ သင်ခန်းစာလေးထဲကလို သင့်ဘဝမှာ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ နောက်ထပ်ဘာတွေပဲ ကြုံရ ကြုံရ သင့်မှာရှိတဲ့ ကိုယ်ပိုင်တန်ဖိုးတစ်ခု လျော့ကျပျောက်ဆုံးသွားခြင်းမရှိဘူး ဆိုတာကိုတော့ ဘယ်တော့မှ မမေ့ပါနဲ့ ။
Ref: "Value"
Translated by Cinderella
Posted by
အရှင်နာယကာလင်္ကာရ
at
12/10/2009 06:30:00 AM
Labels: ဗဟုသုတ 0 comments
ဒါမရှိဘူးဆိုရင် မဖြစ်တော့ဘူးလား..
အဲဒီနေ့ကို ကျွန်တော် ကောင်းကောင်း မှတ်မိနေပါသေးတယ်.။ အဲဒီနေ့က ဖေဖေနဲ့ ကျွန်တော် ဒီလိုပဲ စကားတွေ ပြောနေရင်း ဖေဖေက တစ်ခု မေးတယ်.။
“ သား...၊ ဥပမာကွာ...တိုယိုတာ ကုမ္ပဏီက ကား အသစ်ထုတ်တယ်.။ မာစီဒီး ကုမ္ပဏီက ကားအသစ်ထုတ်တယ်.။ ဒီလို သူတို့ ကားအသစ်တွေ ထုတ်တာ ထူးဆန်းလား..။ ”
“ အာ..ထူးဆန်းတာပေါ့ ဖေဖေရာ..။ ကားတစ်စင်းဖြစ်ဖို့ ဆိုတာ လွယ်တာမှ မဟုတ်တာ..။ နောက်ပြီး ကားထဲက ပစ္စည်းတွေကလည်း အများကြီးပဲလေ..။ လူတို့ တော်တော် ဦးနှောက်ခြောက်မှာပေါ့ ဖေဖေရ..။”
ဒီတော့ ဖေဖေက ကျွန်တော့်ကို ပြုံးပြီး ပြောပါတယ်.။
“ မဟုတ်သေးဘူး သားရဲ့.။ တကယ်တော့ ကားထုတ်တယ် ဆိုတာ ထူးဆန်းတာတွေ ပါပါတယ်.။ ဟုတ်တယ်.။ ဒါပေမဲ့ ...ကားထုတ်နိုင်တယ် ဆိုတာ မထုးဆန်းပါဘူး.။ သူတို့က ကားထုတ်နိုင်တဲ့ ပစ္စည်းတွေ ရှိနေလို့ ကားထုတ်နိုင်တာလေ.။ တကယ်လို့ပေါ့ ကားထုတ်လုပ်ဖို့ ပစ္စည်းတွေ မရှိပဲနဲ့ ကားထုတ်နိုင်တယ် ဆိုမှ ထူးဆန်းတာလေ.။ ဥပမာကွာ..ဟိုတလောက သားကို ဖေဖေ သုတစွယ်စုံ စာအုပ်ထဲမှာ ပြတယ်လေ..။ ကားထုတ်ဖို့ ဘာပစ္စည်း ကိရီယာမှ မရှိပဲနဲ့..။ သူ့အိမ်မှာ ရှိနေတဲ့ သစ်သား ၊ လွှ ၊ ဖောက်စက် ဒါတွေနဲ့ သစ်သားကား ရအောင် ထုတ်နိုင်တဲ့ သူလေ..။ ဒီလူ လူမျိုးမှ ထူးဆန်းတာကွ..။
ဒါကြောင့် ..ငါ့သားမှတ်ထား..။ ဒါမရှိလို့ ဒါမလုပ်ရပါဘူးဆိုတဲ့ သူတွေဟာ ဘယ်တော့မှလည်း သူတို့ဘဝ တိုးတတ်ပြောင်းလဲလာမှာ မဟုတ်ဘူး.။ သူတို့ တစ်ခုမဟုတ်တစ်ခုကို ဟိုဟာ မရှိလို့ ၊ ဒီဟာ မရှိလို့ ဆိုပြီး အကြောင်းတွေပြရင်း အချိန်တွေ ကုန်သွားပါလိမ့်မယ်.။ ဒါကြောင့် ..သူများထက် ထူးခြားချင်တဲ့ သူဆိုတာ ဒီလို ဟိုဟာ မရှိလို့ ဒီဟာ မရှိလို့ ဆိုပြီး ငြီးတွားနေသူတွေ ထက် ဘာမှ မရှိလည်း ရှိတာနဲ့ ရအောင်လုပ်မယ် ဆိုတဲ့ စိတ်တော့ ကိန်းအောင်းနေဖို့ လိုတယ်.။ ဖေဖေ ပြောတာ သားသဘောပေါက်လား.။”
ဒါလေးကို ပြောပြီး ဖေဖေမေးတော့ ကျွန်တော် ခေါင်းငြိမ်ပြမိပါတယ်.။ အဲဒီတုန်းက ကျွန်တော် ၁၃ နှစ်သား (၈) တန်းကျောင်းသားလေးပါ.။ ကျွန်တော့် ခေါင်းငြိမ်တဲ့ အဖြေလည်း ဖေဖေရရော..။
“ ဟုတ်ပြီ..ဒါဆို သားကို ဖေဖေ ဥာဏ်စမ်းတစ်ခု မေးမယ်.။ ဟိုမှာ တွေ့လား..3K Battery အိုး ဒီအိုးမှာ အလွယ်တကူ ဆွဲကိုင်ဖို့ လက်ကိုင်ကိုင်း မပါဘူးလေ..တွေ့လား..။ ( အခု ကျွန်တော်ပြထားတဲ့ အိုးကတော့ လက်ကိုင်ကိုင်းပါပါတယ်.။ နှိပ်ကြည့်ပါ..။ အဲဒီအချိန်တုန်းက 3K Battery တွေက လက်ကိုင်ကိုင်း မပါသေးဘူး.။ ) အဲဒီ ဘက်ထရီအိုးကို လွယ်လွယ် ကိုင်းလေးနဲ့ ဆွဲသွားလို့ ရအောင် ဖေဖေကိုင်းလေး တပ်ချင်တယ်.။ အဲဒါ သားကို တာဝန် ပေးတယ်ကွာ...။ သားလုပ်ကြည့်စမ်း..။ ”
ဒီတော့ ကျွန်တော် စိတ်ဝင်စားပြီး တခြားအိုးတွေကို လိုက်ကြည့်တယ်.။ သူတို့က အိုးကိုင်းလေး ကို ဘက်ထရီရဲ့ ဘေးနှုတ်ခမ်းနားက ဘောင်လေးမှာ တပ်ထားကြတယ်လေ.။ အဲဒီတုန်း 3K Battery တွေမှာ ကိုင်းတပ်ဖို့က ဘောင်လေးက ကြီးကြီးမားမား မပါဘူး.။ ကျွန်တော် ခေါင်းစားနေတယ်.။ ဘယ်လိုလုပ်ရမလဲ ဒီကိုင်းကို ဒီဘောင်သေးသေးလေးမှာ ဘယ်လို တပ်ရမလဲ..။ ဒါနဲပဲ ကျွန်တော် တစ်ပတ်ကြာသွားပါတယ်.။ မရသေးဘူး..။ တစ်ပတ်ပြည့်တော့ ဖေဖေက .....
“ ဘယ်လိုသား ရပြီလား.။ ”
“ မရသေးဘူး ဖေဖေ ..။ ကိုင်းတပ်ဖို့ နေရာက သေးနေလို့ စဉ်းစားနေတာ. ။ သူများအိုးတွေက ဒီဘောင်လေးက ကြီးတော့ တပ်လို့ လွယ်တယ်လေ.။ ”
“ အင်း..ငါ့သားက သူများတွေ လုပ်တာကို သွားကြည့်ပြီး ကိုယ်ဖြစ်နေတာနဲ့ လာယှဉ်နေတာကိုး.။ တကယ်တော့ သူများတွေ ဘယ်လို လုပ်ထားထား.။ ကိုယ်က ဘယ်လို ဖြစ်နေတယ်ဆိုတာ အခြေအနေကို ကြည့်ပြီး အသင့်ပြင် ထားရမှာ..။ သူများလုပ်သလို လိုက်လုပ်ဖို့ စဉ်းစားရင် ကိုယ်နဲ့ အဆင်ပြေချင်မှ ပြေမှာပေါ့..။ ကိုယ်အခြေအနေအရပဲ အဆင်ပြေအောင် လုပ်ရမှာလေ.။ ဒီမှာ ကြည့်......သား..။ ”
ဒီလို ဖေဖေက ပြောပြီး 3K Battery အိုးကို အောက်ချလိုက်ပြီး ဘေးက သံပတ်ပြားနဲ့ ဘက်ထရီအိုး တစ်လျှောက်ဘေးကနေ လိုက်ပြီး ဘောင်အတိုင်း ဘေး ။ အောက်ခြေ ၊ နောက်ထပ် ဘေးဘက် တွေကို ပုံစံကျအောင် ချိုးလိုက်ပြီး ဘက်ထရီအိုး တလျှောက် အထိန်းလုပ်လိုက်တယ်..။ နောက်တော့ ...
“ ကဲ..ဆွဲဖို့ အတွက်ကတော့ အပေါ်ကနေ ဝါယာကြိုးတစ်ခုခုနဲ့ ဆွဲသွားလိုက်ရုံပေါ့လေ..။ ”
ဆိုပြီး အပေါ်က ဆွဲဖို့ လက်ကိုင်နေရာမှာ ဝါယာကြိုးလေးကို တပ်ပြီး ဆွဲလိုက်တော့ 3K Battery ဟာ လက်ဆွဲကိုင်းလေးနဲ့ ဖြစ်သွားပါလေရောဗျာ.။
“ ဒါပဲ သား..။ ဒါမရှိလို့ ဒါမလုပ်နိုင်ဘူးဆိုတာ မဖြစ်စေနဲ့..။ ထူးဆန်းတယ် ဆိုတာ ဒါမရှိပေမဲ့ လည်း ဒါကို ဖြစ်အောင် လုပ်နိုင်ကြတဲ့ သူတွေ ချည်းပဲ..။ ”
ဒါဟာ..ကျွန်တော့်ဘဝအတွက်လည်း သင်ခန်းစာ တစ်ခုပါ..။ ဒီအချိန်က စပြီး ကျွန်တော် ဘဝမှာ ဒါရှိမှ ဒါဖြစ်တယ်.၊ ဒါရှိမှ ဒါလုပ်လို့ ရတယ် ဆိုတဲ့ ဘောင်တွေကို အမြဲ ဆန့်ကျင့် တွန်းလှန် တိုက်ခိုက်ခဲ့ပါတယ်.။ ဒါရှိမှ ရမယ် ဆိုတာတွေကိုလည်း ဒါမရှိရင်လည်း ( ဥပမာ - တောထဲ တောင်ထဲ ရောက်သွားပြီ ဆိုပ်ါတော့ စီသွပ်ဗူး ၊ အသားဗူး ၊ ငါးဗူးတွေ ပါလာတယ် ဆိုပါတော့ ဖောက်စရာ ဖောက်တံ မပါလို့ မစားရတော့ဘူးလား..။ ကျွန်တော်တို့ ရအောင် ဖောက်စားရမှာပါပဲ.။ ) ဖြစ်တယ် ဆိုတာမျိုး ဖြစ်အောင် ကျွန်တော် ကြိုးစား စဉ်းစားလုပ်ဆောင်ခဲ့ပါတယ်.။
တကယ်တော့ ဒါမရှိရင် မဖြစ်ဘူးဆိုတဲ့ စိတ်ကြောင့် တော်တော်များများ က ခက်နေတတ်ပါတယ်.။ ဒီမှာ သူငယ်ချင်း..၊ ကျွန်တော် ပြောပြမယ်..။ စမ်းလုပ်ကြည့်စမ်းပါ.။ ဒါမရှိရင် မဖြစ်ဘူးလို့ ဖြစ်နေတဲ့ အချိန်ကျရင် ဒါမရှိပေမဲ့ ငါ ရှိတာ နဲ့ ဖြစ်အောင် လုပ်မယ် ကွာလို့ တွေးပြီး ကြိုးစားကြည့်လိုက်စမ်းပါ..။ ခုနက ခက်နေတယ် ဆိုတာတွေ အလိုလို လမ်းပွင့်သွားပါလိမ့်မယ်.။ မယုံဘူးလား...။ မယုံရင် ဒီစိတ်ဓါတ်လေးကို လက်ကိုင်ထားပြီး ပြင်းပြင်းပြပြ ကြိုးစားလုပ်ကြည့် လိုက်စမ်းပါဗျာ..။
မှတ်ချက်။ ။ ဖေါ်ဝါ့မေးထဲက ဗဟုသုတလေး တစ်ခုပါ။ သဘောကျမိလို့ ထပ်ဆင့်ဖြန့်ဝေခြင်းပါ။ စာရေးသူနာမည် ပါမလာ၍ မည်သူမည်ဝါရေးသည်ကို မသိရပါ။ သူ၏ စာပေကို ထပ်ဆင့်ဖြန့်ဝေပေး သည်အတွက် ဂုဏ်ယူနေမည်ဟု ယုံကြည်ပါသည်။
Posted by
အရှင်နာယကာလင်္ကာရ
at
12/10/2009 06:24:00 AM
Labels: ဗဟုသုတ 0 comments
Tuesday, December 8, 2009
အတ္တာနံ ဥပမံ ကတွာ - ကိုယ်ချင်းစာနာ၍
သဗ္ဗေ ဘာယန္တိ မစ္စုနော - အားလုံး သေရမှာ ကြောက်ကြတယ်။
အတ္တာနံ ဥပမံ ကတွာ - ကိုယ်ချင်းစာနာ၍၊
န ဟနေယျ - တပါးသူကို မညှင်းဆဲသင့်၊
န ဃာတေယျ- တပါးသူကို မသတ်ဖြတ်သင့်။ (ဗုဒ္ဓ)
သက်ရှိသတ္တ၀ါ မှန်သမျှတွေသည် သေခြင်းတရားကို ကြောက်လန့်ကြသူတွေချည်းပါပဲ။ မှန်သမျှဆိုသော်လည်း ကိလေသာ အာသဝေါကုန်ခမ်းသည့် အရိယာသူတော်ကောင်းတို့တော့ အကျုံးမ၀င်ပေ။ သေမှာကြောက်ကြ သူချင်းအတူတူ အကန်းကမ္ဘာမှာ အကန်းသတ္တ၀ါများသည် မြတ်ဗုဒ္ဓ၏ အဆုံးမတရားများနှင့် ကင်းဝေး၍ ညှင်းပန်းနှိပ်စက်မှုများ တစတစတိုးပွားလာသည်မှာ ကြောက်စရာပင်။
စီးပွားရေးလောကမှာလည်း အချင်းချင်း နှိပ်စက်၊ လူမှုရေးလောက၊ နိုင်ငံရေးးလောက ..စသည့်အရေးပေါင်း များစွာမှာလည်း နိုင်ရာညှင်းပန်း၊ အနိုင်ကျင့် သတ်ဖြတ်ချင်းများတိုးပွား၍ လာခြင်းသည် ကိုယ်ချင်းစာနာခြင်း ကင်းနေခြင်းကြောင့် ဖြစ်သည်။
ကိုယ်ချင်းစာနာတတ်သော မေတ္တာ မုဒိတာ ကရုဏာ တရားများကိုယ်စီ ရှိနေပါလျှင် တဦးနဲ့တဦး သတ်ဖြတ် ညှင်းဆဲခြင်း ရှိကြလိမ့်မည်မဟုတ်ပေ။ သို့ကြောင့်ပင် မြတ်ဗုဒ္ဓသည် ကိုယ်ချင်းစာနာတရားလက်ကိုင်ထားကာ သူတပါးကို ညှင်းဆဲနှိပ် သတ်ဖြတ်ခြင်းမပြု သင့်ဟု မိန့်မှာခဲ့သည်။
မနက်ဖြန်တို့ မွေးဖွားကြီးပြင်လာခဲ့သည် အမိနိုင်ငံတော်ကြီး၏ သတင်းများကို ဖတ်ရ ကြားရ သိရလေးတိုင်း နေရာအနှံ့ပြားများမှာ လူမှုရေး စီပွားရေး ပညာရေး နိုင်ငံရေးအရ ပြည်သူလူထုအားလုံးသည် ခေါင်းပုံဖြတ်ခံရ၊ အဖိနှိပ်ခံရ၊ သတ်ဖြတ်ခံရမှုတွေ များပြားလာသည်ကို တွေ့နေ ကြားနေရသည်။ အတော်ပင် စိတ်မသက်သာ ဖွယ်ဖြစ်သည်။
တကယ်တော့ မည်မျှပင် ချမ်းသာသူဖြစ်ပါစေ... မည်မျှပင် အာဏာရှိသူဖြစ်ပါစေ တနေ့ အားလုံးသေရမည်မှာ အမှန်ပင်ဖြစ်ချေသည်။ အဘယ်ကြောင့် သေခြင်းတရားကိုမေ့၍ သေရမည် သတ်ဖြတ်ခံရမည်ကို ကြောက်သူ က သေရမည် သတ်ဖြတ်ခံရမည်ကို ကြောက်သူကို နိုင်ထက်စီးနင်း အနိုင်ကျင့်နေကြသနည်းဟု တွေးစရာ ဖြစ်နေပေသည်။
ထေရ၀ါဒသာသနာထွန်းကားသည်ဆိုသည့် အမိနိုင်ငံဝယ် အာဏာရှိသူ မရှိသူ၊ ဥစ္စာရှိသူ မရှိသူ၊ ပညာရှိသူ မရှိသူတို့ ကြား၌ မြတ်ဗုဒ္ဓမိန့်ဆိုသည့် မြတ်ဓမ္မအတိုင်း အတ္တာနံ ဥပမံ ကတွာ- ကိုယ်ချင်းစာနာကြမည်ဆိုလျှင် ....................................
ကိုယ်ချင်းစာနာတရား လက်ကိုင်ထား၍
လူအချင်းချင်း နှိပ်စက်ခြင်းမှ ကင်းဝေးကြပါစေ။
Posted by
အရှင်နာယကာလင်္ကာရ
at
12/08/2009 06:31:00 PM
Labels: ခံစားချက် 1 comments
Monday, December 7, 2009
Saturday, December 5, 2009
သီတဂူဆရာတော်ကြီး၏ စီမံကိန်း လုပ်ငန်းများ
အပြည်ပြည်ဆိုင် သီတဂူ ၀ိပဿနာ ကမ္မဋ္ဌာန်းဌာန (စစ်ကိုင်း)
SITAGU INTERNATIONAL VIPASSANA ACADEMY (SAGAING)
သီတဂူသာသနာပြုအဖွဲ့ကြီး၏ ဦးစီးပဓာနဖြစ်တော်မူသော သီတဂူဆရာတော်ဘုရားကြီးသည်
၁။ စစ်ကိုင်းတောင် ရေလှူတော်စီမံကိန်း
၂။ သီတဂူအာယုဒါ ဆေးရုံတော်
၃။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)နှင့်
၎။ သီတဂူ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
၅။ သီတဂူ ဗုဒ္ဓတက္ကသိုလ် (မန္တလေး) နှင့်
၆။ သီတဂူဗုဒ္ဓ၀ိဟာရ (အမေရိက) အစရှိသော ပရဟိတ စီမံကိန်းကြီးများကို ပြည်တွင်း ပြည်ပ အလှူရှင်များ၏ ထောက်ပံ့လှူဒါန်းမှုဖြင့် အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပြီ။ စစ်ကိုင်းတောင်သည် သမိုင်းအစဉ်အလာအရ ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓသာသနာ ထွန်းကားခဲ့ရာနေရာဖြစ်ပါသည်။ ယခုအခါ ထိုမြေမြတ်မဟာဝယ် အပြည်ပြည်ဆိုင်ရာ သီတဂူ ၀ိပဿနာကမ္မဋ္ဌာန်းဌာနကြီးကို အကောင်အထည်ဖော်နေပါပြီ။ အလှူဒါနပြုရန် အခွင့်ကောင်းကို ချောင်းနေသူများအတွက် အသိပေးလိုက်ပါသည်။
အဆောက်အဦး ဖွဲစည်းပုံနှင့် အလှူရှင်များ-
အဆောင်များ၏ ဦးထိပ်ဝယ်
၁။ သီတဂူ ဒီပင်္ကရစေတီ (လှူရှင်- မင်းသီဟ (ကျပ်သိန်း ၁၀၀၀)
၂။ ထိုစေတီနှင့် ဘေးချင်းယှဉ်ကပ် ဂါလံ ၅၀၀၀၀ (ငါးသောင်း) ဆန့် ရေလောင်ကန်ကြီး ၂လုံး (တစ်လုံးလျင်- သိန်း ၁၅၀၊ အလှူရှင်ရပြီး)။
၃။ ဆရာတော်နှင့် လက်ထောက်ဆရာတော်များ ၂ ဆောင်အတွက် (တစ်ဆောင်လျင် သိန်း ၈၀၀၊ အလှူရှင်ရပြီး)။
၎။ ၀ိပဿနာဓမ္မဗိမာန်တော် (ကျပ်သိန်း ၅၀၀၊ အလှူရှင်ရပြီး) ထိုဗိမာန်တော်သည် အမျိုးသား အမျိုးသမီး ယောဂီဆောင် ၂ ဆောင်ကြား၌တည်ရှိသည်၊ ယောဂီပေါင်း ၃၀၀ တပြိုင်းတည်း ကမ္မဋ္ဌာန်းတရားထိုင်နိုင်သည်။
အောက်ပါအဆောင်များအတွက် လှူဒါန်းနိုင်ရန် အလှူရှင်များအခွင့်အရေးရှိပါသေးသည်။
၁။ အမျိုးသားယောဂီဆောင်ငယ်ပေါင်း ၁၀၀ အတွက် (တစ်ဆောင်လျင် ကျပ်သိန်း ၅၀)။
၂။ အမျိုးသမီးယောဂီဆောင်ငယ်ပေါင်း ၁၀၀ အတွက် (တစ်ဆောင်လျင် ကျပ်သိန်း ၅၀)။
၃။ အမျိုးသားယောဂီ ထမင်းစားဆောင်နှင့် မီးဖိုဆောင် (ကျပ်သိန်း ၂၅၀)။
၎။ အမျိုးသမီးယောဂီ ထမင်းစားဆောင်နှင့် မီးဖိုဆောင် (ကျပ်သိန်း ၂၅၀)။
ဆက်သွယ်လှူဒါန်းရန်ဌာန--
၁။ ၀၁-၅၈၁၇၇ (ရန်ကုန်) ။
၀၁-၅၈၁၉၉၉ (ရန်ကုန်)။
၀၁-၅၈၁၆၆၆ (ရန်ကုန်)။
၂။ ၀၇၂-၂၁၆၁၁ (စစ်ကိုင်း)။
၀၇၂-၂၁၅၈၇ (စစ်ကိုင်း)။
၀၇၂-၂၂၂၆၀ (စစ်ကိုင်း)။
ပဋိပတ္တိမဟာဌာနကြီး အလှူတော်အတွက် ၀မ်းမြောက်နုမော် သာဓုခေါ်ပါသည်။
Posted by
အရှင်နာယကာလင်္ကာရ
at
12/05/2009 03:15:00 PM
Labels: သတင်း 0 comments
အတ္တာ ဟိ ကိရ ဒုဒ္ဒမော
အတ္တာ ဟိ ကိရ ဒုဒ္ဒမော- (ဗုဒ္ဓ)
ပါဠိဝေါဟာရများကို နည်းနည်းချင်း မိမိ၏ နှုတ်ဖျားမှာ ရွတ်ဖတ်ပေးခြင်း၊ ဦးဏှောက်ဖြင့် ကျက်မှတ်ပေးခြင်းဖြင့် ဆောင်ထားခြင်းသည် တိပိဋကဓရဖြစ်ဖို့ ဓမ္မဘဏ္ဍာဂါရိက ဖြစ်ဖို့ အခြေခံအကြောင်းရင်းဖြစ်သည်။ နှလုံးသား ၀ယ် ဓမ္မစေတီ တည်ထားခြင်းလည်း ဖြစ်သည်။ "အတ္တာ ဟိ ကိရ ဒုဒ္ဒမော"-တဲ့။ စကားလုံးက ချစ်မြတ်နိုး စရာကောင်းသော မှတ်သားထိုက်သော ပါဠိဝေါဟာလေးမို့ ဘလောဂါ ညီကိုမောင်နှမများဆီကို အရောက်ပို့ ပေးလိုက်တာပါ။ မနက်ဖြန် ကိုရင်အရွယ်က သာမဏေကျော်ဖြေဖို့ ကျက်မှတ်လာခဲ့တဲ့ ဗုဒ္ဓ၏ အဆိုအမိန့်လေး ပေါ့။ အဓိပ္ပါယ်က ....
ဟိ ကိရ- အမှန်တကယ်ပင်၊ အတ္တာ -မိမိကိုယ်ကို၊ ဒုဒ္ဒမော- ဆုံးမရန် ခက်လှ၏။ လူသားရဲ့ နှစ်လုံးသားမှာ လိုချင်မှု၊ မလိုချင်မှု၊ မိုက်မဲမှုတွေ ရှိနေသမျှတော့ ရိုင်းဆိုင်းနေကြဦးမှာပဲ။ လိုချင်မှု အင်အားကြီးလာလျှင် လူသား၏ ကိုယ် နှုတ် နှလုံးတွေ ကြမ်းတမ်းလာတတ်သည်။ မလိုချင်မှုတွေ လွမ်းမိုးတဲ့ အခါ၊ မိုက်မဲမှုတွေ ဖိစီးလာတဲ့ အခါ ကိုယ်ကြမ်း နှုတ်ကြမ်း စိတ်ကြမ်းတွေ ၀င်လာတတ်သည်။ အဲဒီအခါမှာ ဒါတော့ မဖြစ်သင့်ဘူး၊ ဒါတော့ မလုပ်သင့်ဘူးလို့ မိမိကိုယ်ကို ဆုံးမဖို့ ခက်လေတော့သည်။ သတိဝင်လာနိုင်ခဲ့သော် အသိပညာ အင်အားကြီးမားမှသာလျှင် ကြမ်းရာမှ နုရာသို့ ပြောင်းလဲနိုင်မည်။ သို့မဟုတ်လျှင်တော့ တဏှာ- ငါသာ မှန်သည်လို့ အစွဲကြီးခြင်း၊ မာန- တင်းခံထားခြင်း၊ ဒိဋ္ဌိ- အမြင်မှား အသိမှားတွေကြောင့် မိမိကိုယ်ကို ဆုံးမရန်ဝေးပြီပေါ့။
အစဉ်လာအားဖြင့် တပါးသူကို လမ်းညွှန်ပေးဖို့ ပြုပြင်ပေးဖို့ လွယ်လှသည်။ မိမိအတွေ့အကြုံ၊ မိမိ သိရှိထားသည့် အသိပညာများဖြင့် သူတပါးကို လိမ်မာလာအေင် ပြောဆိုနိုင်သည်။ သို့သော် ကိုယ့်ကိုယ်တော့ အသိနဲ့သာ နေ၍ လက်တွေ့ကျင့်သုံးဖို့ ခက်ခဲနေ၏။
ပုထုဇဉ် လူသားများသည် မိမိကိုယ်ကို ပုံသွင်းဖို့ မစွမ်းနိုင်ပဲ တပါးသူကို ပုံသွင်းဖို့ ကြိုးစားနေသူများဖြစ်သည်။ ငါပြောသလိုနေ ငါလုပ်သလို မလုပ်နဲ့ဟူသော ၀ါဒကို စွဲကိုင်ကာ ကျင့်သုံးနေကြသည့် ပုဂ္ဂိုလ်တွေကလည်း ဒုနဲ့ဒေးပင်။
တပါးသူကို ပုံသွင်းမယ်ဆိုရင် မိမိကိုယ်ကို ပထမဆုံး ပုံသွင်းနိုင်အောင်ကြိုးစားဖို့ မြတ်ဗုဒ္ဓကမိန့်ကြားခဲ့သည်။ "ဘိက္ခဝေ ပရံ သြ၀ဒန္တေန နာမ အတ္တာ သုဒန္တော ကာတဗ္ဗော- ဘိက္ခဝေ- ချစ်သား ချစ်သမီးတို့၊ ပရံ- တပါးသူ ကို၊ သြ၀ဒန္တေန နာမ- ဆုံးမလို ပုံသွင်းလိုသူသည်၊ အတ္တာ- မိမိကိုယ်ကို၊ သုဒန္တော- လိမ်မာယဉ်ကျေးလာ အောင်၊ ကာတဗ္ဗော- ဆုံးမသင့် ပုံသွင်းသင့်၏"တဲ့။
ဒါကြောင့်
မင်းတို့ကောင်းဖို့ထက်၊
ငါကောင်းဖို့လိုသည်ဆိုတာ သတိချပ်၊
ဘ၀ကို ပုံသွင်း၊
စိတ်တွေ မရုန်ရင်းစေဖို့၊
ဘလောဂါ ညီကိုမောင်နှမတို့ရေ ..
ကိုယ့်ကိုယ်ကို ဆုံးမကြဦး။
Posted by
အရှင်နာယကာလင်္ကာရ
at
12/05/2009 06:35:00 AM
Labels: အသိပညာပေး 0 comments
Friday, December 4, 2009
ကံပတ်လည် မေပယ်ရိပ်
ရွာထိပ်ကကျောင်း
ဒီဇင်ဘာဆောင်းက အသွင်ပြင်ပြောင်းပြနေလေ၏။ မနှစ်က ဒီအချိန်ဆိုရင် စနိုးတွေကဖွေး၊ အသဲတုန်အောင် အေးနေပြီပေါ့။ လေဆိပ်ကို ဆင်းသက်လိုက်တာနဲ့ မေပယ်ရဲ့ အငွေ့အသက်တွေ ရင်ထဲ တိုးဝင်လာခဲ့တယ်။ မကြာသေးခင်ကပဲ မေပယ်နဲ့ဝေးခဲ့ရာကို ရက်ပေါင်း ၁၀၀ကျော်လောက် နေပစ်လိုက်တယ်။ စိတ်ထဲမှာတော့ ပေါ့ပါးသွားတာပေါ့။ ကိုယ်က စိမ်းခဲ့ပေမဲ့ မေပယ်ကတော့ ပြုံးနေဆဲပဲလေ။ ဒါပေမဲ့ သူ့ကို ရိုးတံသက်သက် လောကဓံရိုတ်ချက်အောက်မှာ မြင်လိုက်ရတယ်။ သက်မဲ့ သက်ရှိ မှန်သမျှတွေဟာ ရိုးတံဖြိုင်ကျ အလှတွေယိုင် ရတဲ့သဘာဝတွေပဲလို့ သူကပြောပြနေသလိုလိုပင်။
မပြောင်းလဲတဲ့ ပတ်ဝန်းကျင်၊ မဟောင်းသေတဲ့ စိတ်တွေနဲ့ မေပယ်က သံယောဇဉ်ကြိုးတုတ် နောင်ကို အတိတ်လို မလုပ်ဖို့ ကိုယ့်စိတ်ကို ဖျောင်းဖျ ဒီဇင်ဘာ ဆောင်းအလှတွေနဲ့ ကြည်နူးဖို့ ပြောပေမဲ့ ငါ့စိတ်က ပုံရိပ်ဟောင်းတွေကို ရွံ့နေဆဲပဲ။ ဒါပေမဲ့ မေပယ်ရေ.. လောကဓံအောက်က သက်မဲ့ဖြစ်တဲ့ မင်းတောင် ခံနိုင်ရည် ရှိသေးတာပဲလို့ ငါတွေးပြီး လောကဓံအောက်က သက်ရှိဖြစ်တဲ့ ကိုယ်လည်း မင်းလိုပဲဖြစ်သင့်တာပေါ့။
လောကော သတ္တာန မာစေရော-တဲ့ ငါ့အတွက်တော့ ပတ်ဝန်းကျင်ဟာ ဆရာပါပဲ။ တပည့်ဆိုတော့လည်း တခါတခါ ဆရာပေါ်ကို အမြင်မကြည်တော့ ဆရာနဲ့ဝေးရာကို သွားတတ်တာပဲလေ။ မေပယ်တော့ နားလည်ပေးမယ် ထင်ပါတယ်။ ခုတော့ ပေမယ်ရေ ..ကံကြမ္မာ အတုန့်အလှည့်မှာ ပြန်ဆုံဖို့ ဖန်လာလေတော့ ကြုံရသေးတာပေါ့။
န ပရေသံ ၀ိလောမာနိ၊ န ပရေသံ ကတာကတံ၊
အတ္တနောဝ အဝေက္ခေယျ၊ ကတာနိ အကတာနိစ- တဲ့ ငါကလေးဘ၀က ကျက်မှတ်လာတဲ့ စာသားလေးပါ မေပယ်။ သူများကောင်းတာ မကောင်းတာတွေ ငါမကြည့်တတ်တာ မင်းအသိပဲ။ တခါတခါ မိုက်တီးတွေရဲ့ ရိုတ်ချက်တွေက ငါ့အရှိုက်ကို လာလာတီးနေတော့ စာအသိတွေပျောက် ငါလည်း အမိုက်ခရီးထဲ လျှောက် ပစ်လိုက်တာပေါ့။
တကယ်တော့ န အတ္တကတံ ဗိဗ္ဗံ၊ န ပရကတံ အဃံ-တဲ့ ကိုယ်က ကောင်းတာ လုပ်တာမဟုတ်သလို သူများကလည်း အဆိုးလုပ်တာမဟုတ်ပါဘူး။ ဒါကြောင့် ငါဘယ်သူကိုမှ မမုန်းသလို ငါ့ကိုယ်ငါလည်း မချစ်ပါဘူး။ အမြင်ကိုပြင် အရှိကိုဆင်ခြင်းပြီး ကန်ပတ်လယ် ခရေရိပ် ရွာထိပ်က ကျောင်းတော်သာ နံဘေးဝယ် ဆိုတဲ့ သိန်းတန်ရဲ့ စာသားလိုပေါ့ ကံမကုန် ပြန်ဆုံဖို့ အကြောင်းကံ ဖန်လာလေသည်မို့ မင်းနဲ့ငါ အတိတ်ကို ဖျောက် ရှေ့ဆက်လျှောက်ဖို့ ငါလေ ခုတော့ မင်းနဲ့အတူ ကံပတ်လည် (ကံဇာတာပတ်လည်) မေပယ်ရိပ်၊ ရွာထိပ်က ကျောင်းတော်သာနံဘေးဝယ် ပေါ့ကွယ်။
Posted by
အရှင်နာယကာလင်္ကာရ
at
12/04/2009 06:01:00 AM
Labels: ခံစားချက် 1 comments
Tuesday, December 1, 2009
Sitagu Sayadaw's Dhamma Trip in U.S.A.
December 9-21, 2009
For Hawaii-US-Tokyo Trip
Dec 9, 09, Arrival to Honolulu at 8:45 a.m
Dec 12, 09, Arrival to Houston at 7:00 a.m
Dec 12, 09, Group Offering Lunch at
Sammy Thein + Mi Lay Nwe Thein House
Offering Hotel Rooms by Myat Phone Kyaw
Dec 12, 09 6:00 p.m. Night Public Dhamma Talk at
Dr. U Thein Kyaw + Daw San San House, Houston
Dec 13, 09, Offering Breakfast at
U Than Shwe + Rodica House, Houston
Dec 13, 09, Group Offering Lunch at
Dr. U Thein Kyaw + Daw San San House, Houston
Dec 14 to 16, 09
Daw Elizabeth + Dr. Win Wah Kyu + Dr. Ma Thu Zar
and Group Offering Breakfast & Lunch at
Sitagu Buddhist Vihara, Austin,Texas
Dec 17, 09, Dep-Austin 7:25 a.m. Ari-St. Paul 10:20 a.m.
Dec 18, 09, 6:00 p.m. Night Public Dhamma Talk at
Sitagu Dhamma Vihara, Maple Wood, Minnesota
Dec 19, 09 Dep-St. Paul 5:15 p.m. Ari-Houston 8:30 p.m.
Offering Hotel Rooms by
Ko Selwyn + Dr. Moe Moe Win, Houston
Dec 20, 09 Departure from Houston to Honolulu at 10:45 a.m
Dec 21, 09 Departure from Honolulu to Tokyo at 10:15 a.m
Posted by
အရှင်နာယကာလင်္ကာရ
at
12/01/2009 08:30:00 PM
Labels: သတင်း 0 comments
