Sunday, November 13, 2011
အဆိုအမိန့်များ
Posted by
အရှင်နာယကာလင်္ကာရ
at
11/13/2011 01:32:00 PM
Labels: ဘာသာရေး ဗဟုသုတ 0 comments
Tuesday, March 22, 2011
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ အဆိုအမိန့်များ
Posted by
အရှင်နာယကာလင်္ကာရ
at
3/22/2011 04:22:00 PM
Labels: ဘာသာရေး ဗဟုသုတ 2 comments
Thursday, March 3, 2011
“ဘုန်းကြီးနဲ့ စကားမပြောတတ်ပါဘူး”

တနေ့က ဆရာတော်ကြီးတပါးကို အိမ်မှာ ဆွမ်းကပ်နေတုန်း ဧည့်သည်လာတယ်ဆိုလို့ ထွက်တွေ့တော့ ဧည့်သည်က ရန်ကုန်က အမေတို့ မိတ်ဆွေများရဲ့ မြေးကလေး မောင်နှမ ဖြစ်နေတယ်။ ဒါနဲ့ အမေက ဘယ်တုန်းက လာကြသလဲ၊ ဘယ်မှာတည်းသလဲ မေးရင်း “အဘွား ဆရာတော်ကြီး… ကို ဆွမ်းကပ်နေတယ်၊ ကြုံတုန်း ဆရာတော်ကို ဖူးသွားကြ၊ ၀င်ကန်တော့ကြ” လို့ ခေါ်တော့ မိန်းကလေးက “တော်ပြီအဘွား” တဲ့။ “ဟဲ့၊ ဘာလို့တုန်း” လို့ တအံ့တသြ ပြန်မေးမိတော့ “ဘုန်းကြီးနဲ့ စကားမပြောတတ်လို့” တဲ့ ရယ်လို့။
ဒီစကားကို ဒီကလေးမလေးက ရှက်ကိုးရှက်ကန်း ပြောတာလည်း မဟုတ်ပါဘူး၊ ရိုးရိုးအေးအေးပဲ ထမင်းစားရေသောက်လို ပြန်ပြောလိုက်တာပါ။ ကြားရတဲ့ အမေ့အဖို့သာ “သြော် ကလေးတွေ ဒီလို ဖြစ်နေပြီကိုး” လို့ အောက်မေ့ပြီး စိတ်မကောင်းမိတာပါ။ ဒီကလေးမက ဒီလိုပြောတော့ သူ့အစ်ကိုလုပ်သူက ရယ်နေပါတယ်။
အမေလည်း ဆရာတော်ကြီး ဆွမ်းကပ်ရင်းတန်းလန်းမို့ သမီးများနဲ့ စကားပြောနေကြဦး ဆိုပြီး ဆရာတော်ကြီးဆီ ပြန်ဝင်လာခဲ့တယ်။ ဆရာတော်ကြီး ပြန်ကြွသွားတော့မှ သူတို့မောင်နှမကို ခေါ်တွေ့တော့ အကြောင်းကိစ္စ ထူးထူးထွေထွေ မရှိပါဘူး၊ မန္တလေးရောက်ရင် အမေ့ကို ၀င်ဖြစ်အောင် ၀င်ကန်တော့ခဲ့၊ တွေ့ခဲ့။ မာကြောင်းသာကြောင်း မေးခဲ့၊ မ၀င်ဘဲမနေနဲ့လို့ သူတို့အဖိုးအဖွားများက မှာလိုက်လို့ ၀င်လာတာတဲ့။ ၀ယ်လာတဲ့ ကိတ်မုန့်တွေ၊ အဘွားစားဖို့ ယူလာရင်း ၀င်တွေ့ကြတာတဲ့လေ။
သူတို့ မိဘ၊ သူတို့ အဘိုးအဘွားက အမေနဲ့ ဦးလှတို့နဲ့ ခင်မင်ရင်းနှီးကြပါတယ်။ ဒါကြောင့် မန္တလေးရောက်တဲ့အခါ အမေ့ကျန်းမာရေး သိရအောင် ၀င်တွေ့ကြဖို့ ဆက်ဆက် မှာလိုက်လို့တဲ့။
ဘုန်းကြီးနဲ့ စကားမပြောတတ်လို့ဆိုတဲ့ ကလေးမက ဒေါက်ဖိနပ်အမြင့်ကလေးနဲ့။ ခုပေါ်နေတယ်ဆိုတဲ့ ပြန့်ထဘီကလေးနဲ့။ လက်ဝတ်လက်စားတွေကလည်း အမျိုးမျိုး ၀တ်စားထားရဲ့။ သူ့နှမက ဘုန်းကြီးနဲ့ စကားမပြောတတ်ဘူးဆိုတာကို ရယ်နေတဲ့အစ်ကို ကလည်း ရွှေချိန်းကြိုး အပြားကြီးနဲ့။ ဆယ်လူလာဖုံးကို လက်တဘက်ကကိုင်လို့။ ဘောင်းဘီနဲ့၊ ရှူးနဲ့။ အ၀တ်အစားတွေက ခေတ်စကားနဲ့ ပြောရရင် အပျံစားတွေပါပဲ။
သူတို့ မိဘများက ဒီခေတ်မှာ ရှာလို့ ဖွေလို့ နေရာကျနေ စီးပွါးဖြစ်နေကြတယ်။ သားနဲ့သမီး လျှောက်လည်ချင်တယ်ဆိုလို့ ကားအကောင်းစားကြီးတစီး ဒရိုင်ဘာတယောက် ထည့်လိုက်ပြီး ခရီးထွက်လာကြတာတဲ့။ ဒီမောင်နှမနှစ်ယောက် ပြည့်ပြည့်စုံစုံနဲ့ ပျော်ပျော်ရွှင်ရွှင် လျှောက်လည်နိုင်တာကို အမေက မုဒိတာဖြစ်ပြီး မိတ်ဆွေများ အဆင်ပြေနေကြတာကိုလည်း ၀မ်းသာရတယ်။ ဒါပေမယ့် ဘုန်းကြီးနဲ့ စကားမပြောတတ်လို့ဆိုတဲ့ ကလေးမလေးအဖြစ်ကိုတော့ ရင်ထဲ စလုံးစခုဖြစ်ပြီး ကျန်ရစ်ပါတယ်။ သူ့မိဘ သူ့အဘိုး အဘွား တို့ဟာ ဗုဒ္ဓဘာသာတွေပါ။ ဘုရားနဲ့၊ တရားနဲ့၊ သံဃာကိုလည်း ကိုးကွယ်နေကြသူတွေပါ။ နို့ပေမယ့် အသက် ၂၀ လောက် ရှိနေပြီဖြစ်တဲ့ ဒီကလေးမနဲ့ သူ့အစ်ကိုများခေတ်မှာ ဘုန်းကြီနဲ့ စကား မပြောတတ်ဘူးလို့ ပြောရအောင် ရဟန်းသံဃာနဲ့ သူတို့တတွေမှာ အတော်ကြီး အလှမ်းဝေးနေကြပြီလားလို့ အမေက စိတ်မကောင်း ဖြစ်မိတယ်။
အမေတို့ နိုင်ငံဟာ ဗုဒ္ဓဘာသာမြန်မာတွေ အများစုနေတဲ့နိုင်ငံ၊ ဒါပေမယ့် ဘာသာကွဲတဲ့ မြန်မာမွတ်စလင်တွေ၊ မြန်မာခရစ်ယန်တွေလည်း မြန်မာတွေနဲ့ ရောရောနှောနှော ရှိနေကြပြီး ဗုဒ္ဓဘာသာ ဘုန်းကြီးရဟန်းတွေနဲ့လည်း ဒီဘာသာကွဲတွေက စကားပြောတတ် ဆိုတတ် ရှိကြပါတယ်။ ဈေးချိုတော်ထဲက မြန်မာမွတ်စလင် ဈေးသည်တွေများဆိုရင် ဘုန်းကြီးရဟန်းနဲ့ စကားပြောတတ်ရုံသာမက မြန်မာစကား တတ်လွန်းအားကြီးလို့ မြန်မာတွေက လက်ဖျားခါရ သူတွေ အများကြီးပါ။ တကယ်က ဒါဟာ လူမှုရေးပဲ။ လိမ္မာရမှာ ကျွမ်းကျင်ရမှာပေါ့။ အခုတော့ တချို့ အမေတို့ရဲ့ မြေးအရွယ် မြို့နေလူတန်းစား ကလေးတွေဟာ ဘုန်းကြီးရဟန်းအတွက်ဆိုရင် ထမင်းမခေါ်ရဘူး၊ ဆွမ်းခေါ်ရတယ် ဆိုတာလောက်တောင် မသိကြတော့ဘူး ဖြစ်နေကြတယ်။ ဗုဒ္ဓဘာသာမိကောင်းဖခင်ရဲ့ သားသမီးမှန်ရင် ရဟန်းသံဃာနဲ့လည်း စကားပြောတတ်ဆိုတတ် ရမှာပေါ့။ အမေတို့ လူမျိုးရဲ့ ကြွယ်ဝတဲ့ ဝေါဟာရယဉ်ကျေးမှု အဆင့်အတန်းမြင့်တဲ့ ကိုယ့်ဘာသာစကားကို ဂုဏ်ယူပြီး လူမှုရေးမှာ တတ်သိကျွမ်းဝင်ရမှာပေါ့။
စကားဆိုတာ လူနဲ့ လူချင်းဆက်ဆံရာမှာ မရှိမဖြစ် သုံးရတဲ့ဟာပါ။ အဲဒီလို ရှိရာမှာ စကားလုံး ဆင်းရဲတာ ကောင်းသလား၊ အဆင့်အတန်းမြင့်သလား၊ စကားလုံး ကြွယ်ဝတာက ကောင်းသလား၊ မြင့်သလားဆိုတာ မေးစရာတောင် မလိုတဲ့ကိစ္စ မဟုတ်လား။
အမေ လွယ်လွယ်ကလေးတခုကို ထောက်ပြမယ်။ အမေတို့ စကားဟာ တဦးနဲ့တဦး ဆက်ဆံကြရင် လုနဲ့ဝ၊ ယူနဲ့အိုင် ဆိုတဲ့ နှစ်လုံးတည်းရှိတဲ့ ဝေါဟာရမျိုး မဟုတ်ဘူး။
၁။ အရှင်ဘုရား တပည့်တော်
၂။ ရှင် ကျွန်မ
၃။ ခင်ဗျား ကျွန်တော်
၎။ တော် ကျုပ်
၅။ မွမ် အကျွန်
၆။ မင်း ငါ
၇။ နင် ငါ
၈။ ညည်း ငါ
စသဖြင့် တော်ရာ လျော်ရာသုံးရတဲ့ စကားတွေ အမျိုးမျိုး ရှိတယ်။ ဒါဟာ ဝေါဟာရ ကြွယ်ဝလို့ ဒီလို ရှိတာ။ ကိုယ့်စကားကို ရေလည်အောင် မပြောဆိုတတ်ဘူးဆိုတာ စတိုင်လုပ်စရာ မဟုတ်ဘူး။ ကိုယ်ညံ့လွန်းရာကျတယ်။ ငယ်ရွယ်သူတွေက ဂုဏ်ရှိတယ်ထင်ပြီး လည်း တို့ဘာသာစကားပေမယ့် တို့ကောင်းကောင်း မပြောတတ်ပါဘူးဆိုတာမျိုးနဲ့ စတိုင်လုပ်ပြီး မပြောရဘူး။ အဲဒါ စတိုင်ကျတာ မဟုတ်ဘူး။ ရှက်စရာကောင်းတာ။
သားတို့ သမီးတို့ကို အမေကမွေးလိုက်တော့ သားတို့ သမီးတို့ဟာ စကားပြီ နားကြားရှိတဲ့ ကလေးလေးအဖြစ် မွေးလိုက်တာ မဟုတ်လား။ ဒါဆိုရင် လူ့အဖြစ်နဲ့ ပြည့်ပြည့်စုံစုံ၊ လုံလုံလောက်လောက် မိဘက မွေးပေးလိုက်ပြီပဲ။ သားတို့သမီးတို့က လူပီသအောင် ကြိုးစားဖို့ပဲ ရှိတော့တယ်။ သားတို့ သမီးတို့ တို့လူမျိုး တမျိုးသားလုံး ပြောဆိုသုံးစွဲနေကြတဲ့ စကားကို သားတို့ သမီးတို့ ပြောတတ်ရမှာပေါ့။ ခုခေတ်မှာ ကိုယ့်ဘာသာစကားအပြင် အခြားလူမျိုးတွေရဲ့ ဘာသာစကားတွေကိုတောင် တမျိုးမက နှစ်မျိုးသုံးမျိုး တတ်အောင် သင်နေကြရတဲ့ ခေတ်မဟုတ်လား။
ပြီးတော့ အမေတို့ လူ့အဆောက်အအုံက ဂုဏ၀ုဒ္ဓိ ၀ယ၀ုဒ္ဓိ ရှိတဲ့ လူ့ဂုဏ်သိက္ခာ ကြီးရင့်ပြီး အသက်ကြီးရင့်သူများကို တလေးတစား ရိုရိုသေသေ ပြောရတာ ရှိတယ်။ ကိုယ်နဲ့တန်းတူကို ပြောရတာ ရှိတယ်။ ကိုယ့်အောက်ငယ်ရွယ်နိမ့်ကျလို့ နှိမ့်ချ ပြောဆိုရတာ ရှိတယ်။ ဘုန်းကြီးရဟန်းကို တမျိုးတဖုံ သုံးနှုန်းပြောဆိုရတာ ရှိပါတယ်။ ဒါတွေဟာ နှုတ်မှုရေးရာလို့ ခေါ်ပါတယ်။ စကားကို နေသားတကျပြောတဲ့ အဆင့်မြင့်မြင့် လူ့အတတ်လေ။
ခုခေတ်လူငယ်တွေ ဘာသာခြား စကားများကိုလည်း တခုမက စွမ်းဆောင်နိုင် သလောက် တတ်အောင်သင်ကြ၊ သင်နိုင်ရင် ကောင်းတယ်။ ကိုယ့်စကားကိုလည်း ပြောတတ်အောင် ပြောကြ။ ကိုယ့်စကားမှ စုံလင်အောင်မသိဘဲ မတတ်ဘဲနဲ့တော့ ဘာသာခြားစကားကို သင်နေရင် အဓိပ္ပါယ်မရှိလှဘူး။
အမေတို့ အမေက သူ့သားသမီးတွေ နေသားတကျ ပြောဆိုတာမျိုး မလုပ်တတ်ဘူး ဆိုရင် “ဟဲ့၊ ငါမွေးထားတာ စကားပီနားကြားပဲ။ နင် ဒါလောက် ဖျင်းရသလား” လို့ စိတ်မရှည်နိုင်တော့ အပြစ်တင်ပါတယ်။
နားကလည်း အကောင်း၊ ဘာသံကိုမဆို အမှန်အတိုင်း ကြားတယ်။ လျှာတို့၊ လည်ချောင်းတို့၊ လျှာခင်တို့ ကလည်း အကောင်းမို့ ကြားတဲ့အသံကို ပီအောင် ကိုယ်က ပြန်ထွက်နိုင်တယ်။ ဒါဆိုရင် ပြောတတ်ဆိုတတ် ရှိရပြီပေါ့။ ကိုယ့်မှာ အင်္ဂါစုံပါရဲ့နဲ့ သူများနည်းတူ ပြောတတ်ဆိုတတ် မရှိဘူးဆိုတာမျိုးတော့ မဖြစ်စကောင်းဘူး။ ဒါကြောင့် သားတို့ သမီးတို့ “ဘုန်းကြီးနဲ့ စကားမပြောတတ်ပါဘူး” ဆိုတာမျိုး မဖြစ်ကြစေနဲ့နော်။
လူထုဒေါ်အမာ။
ကလျာမဂ္ဂဇင်း၊ အမှတ် ၁၃၉၊ ၁၉၉၆ စက်တင်ဘာ။
Posted by
အရှင်နာယကာလင်္ကာရ
at
3/03/2011 11:17:00 AM
Labels: ဗဟုသုတ 0 comments
Monday, February 28, 2011
ရှက်ရှက်နဲ့ ၀န်ခံပါရစေ

ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လေဆိပ်ရဲ့ ဧည့်ခန်းမထဲမှာ မန္တလေးကိုသွားမယ့်လေယာဉ်ကို ကျွန်တော် စောင့်နေ ခဲ့တယ်။ဧည့်ခန်းထဲမှာ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ အများကြီးပဲ။ ဧည့်ခန်းထဲမှာ ရန်ကုန်မြို့တွင်းကို ဆက်တဲ့ အများသုံးတယ်လီဖုန်း တစ်ခု ရှိတယ်။
အဲဒီ့တယ်လီဖုန်းက တယ်လီဖုန်းဆက်ခ မပေးရပါဘူး။ အဲ့ဒီ တယ်လီဖုန်းကို ကောင်မလေးတစ်ယောက်ဆက်နေတယ်။ သူ့နောက် မှာလည်း တယ်လီဖုန်း ဆက်ဖို့ စောင့်နေတဲ့သူလေး ငါးယောက်လောက်ရှိတယ်။ ကောင်မလေးကလည်း တယ်လီဖုန်းဆက်နေတာ
ပြီးကိုမပြီးနိုင်ဘူး။ မိနစ် ၂၀လောက်ကြာမှ နောက်တစ်ယောက်အလှည့် ရောက်တော့တယ်။ အဲ့ဒီ တစ်ယောက်ကလည်း ဖုန်းပြောလိုက်တာ အကြာကြီးပဲ။
ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က အဲ့ဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေပုံရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖုန်းပြောနေတဲ့လူတွေကိုကြည့်ပြီး “အားနာမှုမရှိလိုက်ကြတာ”လို့ ခံစားရတယ်။
ဒီလိုနဲ့ မန္တလေးကိုသွားမယ့်လေယာဉ် ရောက်လာပါတယ်။ လေယာဉ်ပေါ်ကိုတက်ဖို့ “စပီကာ”ကကြေညာပါတယ်။ မန္တလေးကို သွားမယ့်ခရီးသည်တွေ အားလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြတယ်။လေယာဉ်ပေါ်ကို သွားဖို့ ဘတ်(စ်)ကားတစ်စီး ထိုးဆိုက်လာတယ်။ အဲ့ဒီကားနဲ့လေယာဉ်ဆီကို လေယာဉ်စီး ခရီးသည်တွေ သယ်ဆောင်မှာဖြစ်တယ်။ လူတွေဟာဘတ်(စ်)ကားပေါ်ကိုအလုအယက်ပဲ တိုးဝှေ့တက်ကြတယ်။ နိုင်ငံခြားသားတွေကအေးအေးဆေးဆေးပါပဲ။ တိုးဝှေ့တက်တဲ့အထဲမှာ ကျွန်တော်လည်းပါတယ်။
ဒီလိုနဲ့လေယာဉ်ဆီကို ကျွန်တော် ရောက်သွားတယ်။ လေယာဉ်ပျံရဲ့ နောက်အနားအပေါက်ကကျွန်တော် တို့တက်ရတယ်။ ဒီလိုပါပဲ... လေယာဉ်ပေါ်ကို တိုးဝှေ့ပြီးတက်လိုက်တယ်။ကိုယ့်ထိုင်ခုံနဲ့ ကိုယ်ဆိုပေမယ့် ဘာကြောင့်များ တိုးဝှေ့တက်ခဲ့မှန်း
ကိုယ့်ကိုယ် ကိုယ် မစဉ်းစားမိဘူး။ တိုးတာ၊ ဝှေ့တာ၊ တွန်းတာ၊ တိုက်တာအကျင့်ပါနေလို့ပဲဖြစ်မယ်။
ဖြစ်ချင်တော့ ကျွန်တော့်ဘေးကထိုင်ခုံမှာ နိုင်ငံခြားသားတစ်ယောက် လာထိုင်တယ်။ ဧည့်ခန်းထဲမှာ တွေ့ခဲ့တဲ့သူပါ။ သူဟာ အေးဆေးတည်ငြိမ်စွာပဲ စာအုပ်တစ်အုပ်ကိုဖတ်နေတယ်။ လေယာဉ်တက်ပြီးလို့ (၁၀)မိနစ်လောက်အကြာမှာ လေယာဉ်မယ်လေး တွေက လက်တွန်းလှည်းလေးတွေကိုတွန်းပြီး အစား အသောက် လာကျွေးပါတယ်။ အပူလား။ အအေးလား။ ကြိုက်ရာသုံးဆောင် လို့ရတယ်။ ဖော့ဘူးလေးနဲ့ အသားညှပ်ပေါင်မုန့်တစ်လုံးစီ လိုက်ပြီးဝေတယ်။
ကျွန်တော့်ရဲ့ထိုင်ခုံက အတွင်းဘက်မှာပါ။ အစားအသောက်လာပြီးပေးတဲ့လေယာဉ်မယ်လေးတွေက တစ်တန်းပြီးတစ်တန်း၊ တစ်ခုံပြီးတစ်ခုံ စနစ်တကျ ပေးဝေပါတယ်။ကျွန်တော့်ရဲ့ ခုံအနားလည်းရောက်ရော ကျွန်တော်က ကော်ဖီတစ်ခွက်ကို
လှမ်းယူလိုက်တယ်။ အသားညှပ်ဖော့ဘူးတစ်ဘူးကို လှမ်းယူလိုက် တယ်။ တကယ်တော့အဲ့ဒီနိုင်ငံခြားသားက လူသွားလမ်း ရဲ့ဘေးမှာ နေရာယူထားသူ။ သူက အရင်ယူရမှာ။ ကျွန်တော်က အတွင်းဖက်ကခုံမှာ ထိုင်တဲ့သူ။ ကျွန်တော်က နောက်မှယူရမှာ။ ဒါပေမယ်ကျွန်တော်က အရင် လက်ကိုလှမ်းလိုက်တယ်။ အဲ့ဒီအချိန်မှာ နိုင်ငံခြားသားကစကားတစ်ခွန်းပြောတယ်။
“After you”
အဲ့ဒီစကားကိုကြားကြားချင်း ကျွန်တော် နားမလည်ပါဘူး။ အစာစားရင်း ကျွန်တော်စဉ်းစားမိတယ်။
“After you” တဲ့။
After ဆိုတာ... ပြီးနောက်။
you ဆိုတာ... သင်၊ မင်း၊ နင်၊ ရှင်။
ဒီတော့... “After you” ဆိုတာ “မင်းပြီးမှ”လို့ အဓိပ္ပာယ်ရတယ်။ “မင်းကိုဦးစားပေး”ပါတယ်။ “မင်းအရင်လုပ်”ပါ။ ဒီလို သဘောဆောင်တဲ့ အင်္ဂလိပ်ခေတ်ပေါ်စကားတစ်ခုပါ။
ကျွန်တော် တွေးရင်းနဲ့ ရှက်လာတယ်။
ကျွန်တော်ဟာ “After me” သမားပဲ။
ကျွန်တော်ဟာ မီးရထားလက်မှတ်တန်းစီရင်လည်း ငါရဖို့...။
ဘတ်(စ်)ကားစီးရင်လည်း ငါအရင်တက်ဖို့။ ငါ အရင်နေရာရဖို့။
ကားမောင်းရင်လည်း လမ်းဆုံမှာ ငါ အရင်ကူးဖို့။ ငါ အရင်ဖြတ်ဖို့။
လမ်းကူးရင်လည်း ငါ အရင် ဟိုဘက်ရောက်ဖို့...။
အလုပ်လျှောက်ရင်လည်း ငါ အလုပ်အရင်ရဖို့...။
ငါအဆင်ပြေဖို့...။
“After me”....
“After me”....
“After me”....
ငါပြီးမှ မင်း...။ ငါအရင်...။ ငါ့ကို ဦးစားပေး။
တွေးရင်း တွေးရင်နဲ့ ကျွန်တော် အရမ်းရှက်လာမိတယ်။
ဒီအကြောင်းကို အိမ်ရောက်တော့ အဖေနဲ့အမေကို ပြောပြမိတယ်။ အမေပြောတဲ့စကားဟာမှတ်သားလောက်ပါတယ်။
“After you” ဆိုတဲ့ စိတ်ဟာ လူကြီးလူကောင်းစိတ်ပဲ။ အိမ်မှာ ထမင်းဟင်းကို အမေကချက်တယ်။ အမေချက်ထားတဲ့ ထမင်း၊ ဟင်းကို အမေ အရင်မစား ဘူး။ သားသမီးတွေကိုအရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ ဒီလိုပဲ... မင်းအဖေဟာလည်း သူရှာလို့ရတဲ့ငွေကြေးကို သူအရင်မသုံးဘူး။ သားသမီးတွေ ကို အရင်ပေးတယ်။ အရင်ကျွေးတယ်။ “After
you” ပေါ့ကွယ်။ မင်းဟာလည်း မင်းညီတွေ၊ ညီမတွေနဲ့ ပတ်သက်ရင် “After you”လုပ်ရမှာပဲ။ ဒီလိုပဲ မင်းဟာ ဆရာတစ်ယောက်ဆိုတော့ တပည့်တွေနဲ့ တွေ့ရင်တပည့်တွေကို “After you” လုပ်ရမယ်။ “After you” ဆိုတာ ဦးစားပေးခြင်းသဘောအပြင်စာနာခြင်း၊ နားလည်ပေးခြင်းတွေ ပါနေတယ်။ မေတ္တာတရားတွေ ပါနေတယ်။ အတ္တနည်းခြင်းသဘော တွေ ပါဝင်နေတယ်။
အဖေက ၀င်ပြောတယ်။
“After me” ဆိုတာ အများအားဖြင့် လူငယ်တွေမှာ ဖြစ်တတ်ကြတယ်။ ကလေးတွေမှဖြစ်တတ်ကြတယ်။ “After me” ဆိုတဲ့ စိတ်ရှိနေတဲ့သူဟာ လူကြီး မဖြစ်သေးဘူး။ စိတ်အရွယ်မရောက်ခြင်းရဲ့ အမှတ်သင်္ကေတဟာ “After me” ပဲ။ “ အသက်တွေကြီးလေလေတပ်မက်မှုတွေ နည်းလေလေ” ဖြစ်ရမှာ။ “အသက်တွေကြီးလေလေ တပ်မက်မှုတွေများလေလေ” ဆိုရင်
ဒါဟာ တော်တော်ရှက်စရာကောင်းတဲ့ “After me” ပဲ။ “After me” ဆိုတာ လောဘ၊ ဒေါသ၊မောဟ၊ အတ္တတွေ ရင်ထဲမှာ အများကြီးရှိနေခြင်းကို ဖော်ပြလိုက်ခြင်းပဲ။ “After me”သမားဟာာ မိဘဆိုရင်လည်း မိဘ မပီသတဲ့သူပေါ့။ ဆရာဆိုရင်လည်း ဆရာမပီသတဲ့သူပေါ့။သူငယ်ချင်းဆိုရင်လည်း သူငယ်ချင်း မပီသတဲ့သူပေါ့။ မိတ်ဆွေဆိုရင်လည်း မိတ်ဆွေမပီသတဲ့သူပေါ့။ ဒါကြောင့် လူကြီးလူကောင်း ဖြစ်ချင်ရင် “After me” ကိုလျှော့။“After you” ဖြစ်အောင် ကြိုးစားပေါ့ သားရယ်။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ “After me” သမားတွေနည်းလာပြီး “After you” သမားတွေများလာရင်တော့ အရမ်းပျော်စရာကောင်းမှာပဲနော်။
သူကလည်း ကိုယ့်အပေါ် “After you”။
ကိုယ်ကလည်း သူ့အပေါ် “After you”။
မိဘကလည်း သားသမီးအပေါ် “After you”
သားသမီးကလည်း မိဘအပေါ် “After you”
လူကြီးတွေကလည်း လူငယ်တွေအပေါ် “After you”
လူငယ်တွေကလည်း လူကြီးတွေအပေါ် “After you”
ဆရာကလည်း တပည့်အပေါ် “After you”
တပည့်ကလည်း ဆရာ့အပေါ် “After you”
အပြန်အလှန် “After you” ဆိုတဲ့....
ဝန်းကျင်တစ်ခုကို ကျွန်တော်တို့ ထူထောင်ကြရအောင်ဗျာ။
ရွှေမန္တလေးဂျာနယ်
အမှတ်စဉ် (၂၇၁)၊ ၂၁.၇.၂၀၀၈
လင်းလွန်းခင် စာပေမှ စာမူခွင့်ပြုချက်အမှတ် ၄၀၀၉၅၄၀၈၀၉ ဖြင့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလထုတ် ဦးဘုန်း (ဓာတု - မန္တလေး)ရဲ့ တွင်း (အတွေးစာ စကား) (စာ ၇၉ - ၈၂)
မှ ကူးယူဖော်ပြပါသည်။
--
Myo Myo
Posted by
အရှင်နာယကာလင်္ကာရ
at
2/28/2011 07:42:00 PM
Labels: ဗဟုသုတ 1 comments
Monday, February 21, 2011
တေဇောလေးမျိုး
သန္တပ္ပန ဒဟနနှင့် ဇီရဏပေ ပါစကေ လေးထွေ တေဇပြား။
သန္တပ္ပနတေဇော
ခန္ဓာကိုယ်၌ ပကတိရိုးရာရှိသောရှိသော ကိုယ်ငွေ့ကို "ဥသ္မာတေဇော"ဟုခေါ်၏။ ထိုဥသ္မာတေဇောအပြင် သန္တပ္ပနစသော တေဇောလေးမျိုးရှိသေး၏။ ထိုတွင် ဥသ္မာတေဇော ဖောက်ပြန်လာသောအခါ အပူဒီဂရီတိုးတက်လျက် တစ်ရက်ခြား နှစ်ရက်ခြား (ငှက်ဖျား ဖျားသလို) ဖျားစေတတ်သော တေဇောသည် သန္တပ္ပနတေဇောမည်။ (သံ-ပြင်းစွာ၊ တပ္ပန- ပူလောင်တတ်သော တေဇော)။
ဒဟနတေဇော
ထိုသန္တပ္ပနတေဇောထက်ပင် အပူဒီဂရီလွန်တက်၍ ပူလှချေရဲ့ လောင်လှချေရဲ့ ယပ်ခပ်ပေးပါ စန္ဒကူးနံ့သာ လိမ်းပေးပါ ရေချိုးချင်တယ် စသည်ဖြင့် ညဉ်းညူရလောက်အောင် ပူလောင်သော တေဇောသည် ဒဟနတေဇောမည်၏။ မီးကဲ့သို့လောင်ကျွမ်း တတ်သော တေဇောတည်း။
ဇီရဏတေဇော
ဆံဖြူအောင် သွားကျိုးအောင် မျက်စိမွဲအောင် အသားအရေတွန့်အောင် အရွယ်ယိုယွင်း၍ အိုမင်းအောင် ပြုတတ်သော တေဇောသည် ဇီရဏတေဇောမည်၏။ ဤပြခဲ့သော တေဇောသုံးပါသည် ခန္ဓာကိုယ်၌ အမြဲပါရှိကြသည်မဟုတ်။ သန္တပ္ပနနှင့် ဒဟနသည် ဖျားနေတဲ့အခါ၌သာ မူလကိုယ်ငွေ့ပျက်လျက် အပူဒီဂရီ တက်လာသော တေဇောတည်း။ ဇီရဏတေဇောသည် ရောဂါတစ်ခုခု အမြဲစွဲကပ်သောအခါ သို့မဟုတ် အရွယ်ဆုတ်ယုတ်ချိန်အခါ၌ မူလကိုယ်ငွေ့ ဖောက်ပြန်လာသော တေဇောတည်း။
ပါစကတေဇော
စားသောကအပ်သမျှသော အစာအာဟာရတို့ကို ကြေကျက်စေတတ်သော တေဇောသည် ပါစကတေဇောမည်၏။ ၀မ်းမီးဟု ခေါ်ကြသည်။ အစာသစ်အိမ်နှင့် ကပ်လျက်တည်ရှိသတတ်။ ထိုပါစကတေဇောကား ခန္ဓာကိုယ်၌ အမြဲတည်ရှိ၏။ ရှေ့ကံကြောင့် ဖြစ်ရကား အချို့သူတို့၌ ၀မ်းမီးညံ့၏။ အချို့၌ လွန်ကဲ၏။ လွန်ကဲနေသူ ညံ့နေသူတို့၌ ၀မ်းမီး၏ အနီးအပါးဝယ်ရှိသော စိတ္တဇ ဥတုဇ အာဟာရဇတေဇောတို့ကို တက်သိနားလည်ကြသော ဆေးဆရာတို့ထံ မေးမြန်ပြုပြင်က ၀မ်းမီးမှာ အထောက်အပံ့ ရနိုင်စရာ ရှိသည်။ ကံ့ကြောင့်ဖြစ်ပေါ်လာသော ၀မ်းမီးခေါ် ပါစကတေဇောကား ကံ၏အရာဖြစ်၍ ကံနှင့်သာ ဆိုင်သည်။
ကျမ်းကိုး- သင်္ဂြိုဟ်ဘာသာဋီကာ/ ရူပသမုဒ္ဒေသ-နှာ- ၄၄၅
ကျမ်းပြုသူ- အရှင်ဇနကာဘိဝံသ
Posted by
အရှင်နာယကာလင်္ကာရ
at
2/21/2011 12:26:00 PM
Labels: ဘာသာရေး ဗဟုသုတ 0 comments
Friday, February 11, 2011
ဗိုလ်ချုပ်မွေးနေ့သို့ အမှတ်တရ
Posted by
အရှင်နာယကာလင်္ကာရ
at
2/11/2011 11:36:00 PM
Labels: ခံစားချက် 0 comments
Friday, January 21, 2011
ကြည်ညိုလိုက်စမ်းပါ
လောက၌ အကောင်းမြင်ဝါဒီ အဆိုးမြင်ဝါဒီဟု နှစ်မျိုးရှိသည်။ အထူးသဖြင့် ယနေ့ခေတ်သည် အဆိုးမြင်ဝါဒီသမားတို့ တိုးပွားကြီးထွားသော ခေတ်ဖြစ်လေသည်။ ဤကဲ့သို့သော ခေတ်ကြီးတွင် နိန္ဒာ၊ပသံသ လောကဓံ နှစ်ဖြာကို ခံနိုင်ရည်စွမ်း မရှိသူအဖို့ ဒုက္ခ သံသရာ ပင်လယ်ဝေဖို့သာ ရှိတော့သည်။
သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ အပေါ်ဝယ် မိဘမေတ္တာ အပြည့်ဝဖြင့် ရှု့မြင်သုံးသပ် သာသနာတော်၏ အဓွန့်ရှည် တည်တန့်ရေးကို လိုလားသည့် ကျောင်းအစ်မ တစ်ဦး၏ ရှင်သာမဏေ ရဟန်းငယ် များအပေါ် စောင့်ရှောက်ပုံ ကို ယနေ့ခေတ် အပြစ်ကိုသာမြင် အတုယောင်ကိုသာ အဟုတ်ကြီး ထင်နေကြသည့် လူအများစု အတွက် ဖေါ်ပြလို ပါသည်။
မန္တလေးမြို့ ယခုမျက်မှောက်ခေတ်တွင် အောင်မြင်နေသည့် စာသင်တိုက်ကြီး၏ ကျောင်းအစ်မဖြစ်သည့် အမျိုးသမီးကြီး၏ မျက်နှာအသွင်ပြင်သည် ကျက်သရေးလည်းရှိ စိတ်ဓာတ်ကလည်း တကယ်ပင် မွန်မြတ်ပါပေသည်။ စာသင်သား သံဃာ၂၀၀ကျော်ကို နေ့စဉ် ဟင်းကောင်း တစ်ခွက် စီမံကာ လှူဒါန်းလေ့ရှိသည့် ကျောင်းအစ်မကြီးသည် မိခင်မေတ္တာ အပြည့်ဖြင့် သူမ လှူဒါန်းထားသည့် ကျောင်းဝန်းအတွင်းကို လေ့လာ ကြည့်ရှု့ စီစစ်လေ့ရှိသည်။ စည်းကမ်းလည်း အလွန်ပင်ကြီးသည့် အမျိုးသမီးကြီး ဖြစ်သည်။
သူမလှူဒါန်းထားသော ကျောင်းအတွင်း စာသင်နေသည့် ရှင်သာမဏေများသည် အသက်အရွယ်အားဖြင့် (၇)နှစ်မှသည် အသက် (၁၉)နှစ် အရွယ်ထိဖြစ်သည်။ ရဟန်းငယ် များမှာလည်း အသက်အားဖြင့် (၂၀)၀န်းကျင် နှင့် (၃၀)ကြားမှာ ရှိကြသည်။ အသက်လေးကျော် ဆိုသည်မှာ ကျောင်းထိုင်ဆရာတော် တပါးသာရှိသည်။
လောကီအမြင်နှင့် ကြည့်မည်ဆိုလျှင် (၇)နှစ်နှင့် (၁၅)နှစ် အရွယ်များသည် အလွန်ပင် ဆော့လိုကြ အငြိမ်မနေကြသည့် အရွယ်များဖြစ်သည်။ ကိုရင်ဆိုသည့် နာမည်နှင့် လိုက်အောင် ဆရာသမားများက နေ့စဉ် ညစဉ် ဆုံးမထား၍သာ အရွယ်နှင့်မမျှ ကိုယ်အမှုအရာ နူတ်အမူအရာ လေးတွေ ချစ်ဖို့ကောင်းနေသည်။ ဆရာသမား များကွယ်ရာ ရောက်သွားလျှင်တော့ သင်္ကန်းကို ဘေးချ ကလေးသဘာဝ ထိန်းချုပ်မရ ကြံဖန်ကာ ဆော့ကြသည်။ စာရေးသူ ကိုရင်ပေါက်စဘ၀ အသက်အားဖြင့် (၇)နှစ်သား အရွယ်မှာ ရွာထဲ ဆွမ်းခံသွားရင်း တခါတရံ အဖေါ်ကောင်းရင် သပိတ်ကိုဘေးချ သင်းပိုင်လိပ်ထဲက သားရေကွင်း ထုတ်ကာ သားရေပင် ပစ်တမ်း ဆော့လို့ ဆရာတော်က ကြိမ်နဲ့ဆော် ခံရတာ အကြိမ်ပေါင်း မနည်းပင်။
နေ့စဉ်နှင့်အမျှ ကျောင်းဝင်းအတွင်း အိမ်သာရေချိုးခန်းပါ မကျန် လိုက်လံကြည် တတ်သည့် သူမသည် တခါတခါ ကိုရင်လေးများ ကျောင်းဆောင်အတွင်း အ၀တ်စုတ်ကိုလုံးကာ ဘောလုံးကန်ကြ သည်ကိုလည်း တွေ့မြင်ရသလို တစ်ခါတစ်ခါ ကိုရင်ကြီးများ စာအုပ်ဘေးချ ကျားထိုးကြ သည်ကိုလည်း တွေ့မြင်ရသည်။
သူမသည် ဆရာတော်ကြီးကိုလည်း မလျှောက်၊ သူကိုယ်တိုင်လည်း မမြင်သကဲ့သို့ ရှောင်ဖယ်သွားတတ်သည်။ ကျောင်းရှိ ကပ္ပိယများ ကိုရင်လေးတို့ ဆော့သည်ကိုမြင်၍ ဆရာတော်ကို လျှောက်လိုက်၍ ဆရာတော်က ရိုက်လျှင်လည်း ဦးဇင်းရယ် မရိုက်ပါနဲ့ ကိုရင်လေးတွေက ကလေးအရွယ်တွေပဲ ဆော့ချင်ကြမှာပေါ့ ဒဏ်လေးလောက်ပဲ ပေးပြီး ကျေနပ်လိုက်ပါ ဆုံးမလိုက်ပါ ဦးဇင်းရယ်ဟု ဖြေသိမ့်တတ်သည်။
သူမ၏ ကိုရင်လေးတို့ပေါ်ထားရှိသည့် သဘောထားကို ကပ္ပိယကြီးအား ပြောပြသည်ကို ဤသို့ ကြားမိသည်….
ကပ္ပိယကြီးရယ် ကိုရင်လေးတွေ ဆော့တာ မဟုတ်တာလေးတွေကို ဆရာတော်ကို မလျှောက်ပါနဲ့။ သူတို့လေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘနဲ့ခွဲ ရပ်ရွာနဲ့ခွဲပြီး ပိဋကတ် စာပေတွေကျက် သာသနာတော်မှာ ပျော်မွေ့နေတာကို ကျေနပ်လိုက် စမ်းပါတဲ့။ ရှင်လည်း မ၀တ်နိုင်၊ ကျွန်မလည်း ၀တ်ခွင့်မရတဲ့ သင်္ကန်းကို ရုံလို့ တစ်ခါတစ်ခါ ဆွမ်းခံသွားခါနီ သူတို့လေးတွေ တန်းစီရပ်လို့ သပိတ်လေးတွေ ပိုက်ကာ သူတို့ဆရာသမားရှေ့မှာ သြ၀ါဒကို ခံယူ မျက်လုံးလုံးတွေ မှိတ်၊ ငြိမ်ငြိမ်လေး ရပ်နေတာလေးကို မြင်လိုက်ရရင် ကျွန်မဖြင့်လေ (၇)နှစ်သားနဲ့ ရဟန္တာဖြစ်သွားတဲ့ ရှင်ပဏ္ဍိတတို့ ရှင်သံကိစ္စတို့များလားလို့ စိတ်ထဲမှာကြည်နူးမိတယ်။ ပီတိတွေဖြစ် သဒ္ဓါတရားတွေ ပွားများမိပါတယ်တဲ့။
ဆော့တတ်တဲ့အရွယ်မှာ ကလေးစိတ်က ရှိနေတော့ ပုထုဇဉ် ကိုရင်လေးတွေပဲ ကပ္ပိယကြီးရယ် အပြစ်တော့ ဘယ်ကင်းပါ့မလဲ။ သင်္ကန်းဝတ်ထားလို့သာ ကိုရင်ခေါ်ရတာကိုး။ သူ့အရွယ် သူ့သဘာဝ အတွင်းစိတ်ကတော့ ဆော့ချင်နေရှာမှာပေါ့။ ဒီလိုအရွယ်လေးနဲ့ ငါတို့မလုပ်နိုင်တာတွေ သူတို့က လုပ်နေတာ ပါလားလို့ သိလိုက်ရင် သူတို့အပေါ် နားလည်လို့ ရတာပေါ့ ကပ္ပိယကြီးရယ်။
စာကျက်လိုက် ဆော့လိုက်နဲ့ ဒီလိုနဲ့ပဲ လတွေကုန် နှစ်တွေကုန် ကိုရင်လေးကနေ ကိုရင်ကြီး၊ ကိုရင်ကြီးကနေ ဦးဇင်းလေး၊ ဥိးဇင်းလေးကနေ ဆရာတော်ကြီးတွေ ဖြစ်သွားရတာပဲလေ။ ကိုရင်လေးတွေကို သားသမီးလို သဘောထားပြီးး ချစ်လိုက်စမ်းပါ ကပ္ပိယကြီးရယ်တဲ့။
နောက်ရှိသေးတယ် ကပ္ပိယကြီးရေ…. သားအလတ်တွေ ရှိသေးတယ်တဲ့။ သားအငယ်တွေက ဆော့ရုံပဲရှိတာ။ စိတ်မပူရဘူး ကပ္ပိယကြီးရေ….. သားအလတ်တွေက သိတဲ့အတိုင်း အသက်က (၁၅) (၁၆) (၁၇) (၂၀)နှစ်တွေလေ။ လောကီပြော ပြောရရင် လူပျိုပေါက်စ မြီးကောင်ပေါက် အရွယ်တွေပေါ့။ ဒီအရွယ်တွေက ကွမ်းဝါးချင်လာတယ် ဆေးလိပ်သောက် ချင်လာတယ်။ ကောင်မလေးတွေပေါ် စိတ်ဝင်စားလာတဲ့ အရွယ်တွေပေါ့။ ကျွန်မက သိတယ်….ဒီကိုရင်ကြီးတွေ ဦးဇင်းငယ်လေးတွေရဲ့ ခြေလှမ်းဘယ်ရောက် နေတယ်ဆိုတာ ကပ္ပိယကြီးက မသိဘူး။ အခု အပြင်ကို ညနေတိုင်း ကျောင်းအနားက ထမင်းကျော် ခေါက်ဆွဲကျော် ၀ယ်စားနဲ့ တော်ကြာ အပြင်က ကောင်မလေးတွေနဲ့ ရှုပ်တာတွေဖြစ်မှာ စိုးရတယ်။ အဲဒါ ကျောင်းနားက ဆိုင်တွေကို ခပ်ဝေးဝေး ဆိုင်ဖွင့်ဖို့ ငွေပေးပြီး ရှင်းထားရတယ်.. ကပ္ပိယကြီးရေတဲ့။ ဆွမ်းစားကျောင်း မှာရှိတဲ့ အစားအသောက် ယူစားတာ ကပ္ပိယကြီး မမြင်သလို နေပေးပါ။ အပြင်ဆိုင် ထွက်ထိုင်ပြီး စားတာထက်စာရင် ကျွန်မကျောင်းက ကိုရင်တွေ ကျွန်မသားတွေက အများကြည်ညိုဖို့ ကောင်းတာပေါ့။
စိတ်ကစားတဲ့ အရွယ်လေးတွေကို ကျမတို့က ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးလိုက်ရင် သူတို့စာပေတွေ သူတို့ ဆရာသမား အဆုံးအမတွေနဲ့ ဖြေးဖြေးခြင်း အရွယ်လေး ရလာပြီး ကိုရင်ကြီးတွေ ဦးဇင်းလေးတွေ တည်ငြိမ်သွားမှာပေါ့။
တနေ့က ကိုရင်ကြီး တပါး အုတ်တံတိုင်းခုန်ပြီး ဘောလုံးပွဲ သွားကြည့်တာ ဆရာတော်က မြင်တယ်ဆိုလို့ အဲဒီကိုရင်ကြီးကို ဆရာတော်က နှင်ထုတ်လိုက်တယ်။ စိတ်မကောင်းဖြစ်မိတယ် ကပ္ပိယကြီးရယ်။ အဲဒါ အခု ဆရာတော်ကို လျှောက်ပြီး အိမ်က တီဗွီ နှစ်လုံး ယူလာပြီး အပြင်မထွက်ကြနဲ့ ကျောင်းတွင်းမှာပဲ ကြည့်ပါ ကိုရင်တို့ရေဆိုပြီး သူတို့ အဆောင်ပေါ် ပို့ထားခဲ့တယ်။ အင်းလေ သူတို့တွေလဲ ဒီအရွယ်က အပျော်အပါး မက်ကြတဲ့ အရွယ်တွေပဲ။ အပြင်က လူငယ်တွေလို ကာရာအိုကေဆိုင်သွား နိုက်ကလပ်သွား မိဘကို စိတ်ဆင်းရဲအောင် လုပ်နေတာ ထက်စာရင်တော့ သင်္ကန်းဝတ်ပြီး စာတွေကျက် တဖြေးဖြေးနဲ့ သာသနာမှာ ထင်ရှားတဲ့ ဆရာတော်ကြီးတွေ ဖြစ်လာကြ မှာပဲလို့ တွေးပြီး ကျွန်မကဖြင့် ကြည်ညိုနေမိတာပဲ။
ကျွန်မ စောင့်ရှောက်ပြုစုထားတဲ့ ဒီကိုရင်ငယ် ကိုရင်ကြီးတွေ နောက် အနှစ် (၂၀)လောက် အချိန်ကျရင် အခုဆရာတော်ကြီးလိုမျိုး အပါး (၂၀၀)ထဲက အပါး (၂၀)လောက်တော့ ပေါ်ထွက်လာမှာပဲတဲ့။ ဒါဆိုရင် ကျွန်မ သာသနာအတွက် ထောက်ပံ့လှူဒါန်းရတာ သာသနာပြုရတာ အကျိုးကြီးပြီပေါ့ ကပ္ပိယကြီးရယ်တဲ့။
နောင်တချိန်ကျရင် ရှင်တို့ ကျွန်မတို့ လှူဒါန်းနိုင်လို့ ကျောင်းကြီးတွေ တည်ဆောက်ထားပေမဲ့ သင်္ကန်းစည်းပြီး အမေနဲ့ခွဲ အဖေနဲ့ခွဲ ရပ်ရွာကိုခွဲပြီး စာလာသင်မဲ့ အမျိုးကောင်း သားလေးတွေ မရှိတော့ရင် ကျွန်မတို့ ဘယ်လို သာသနာပြုလို့ ရတော့မလဲ။ အခုကျွန်မတို့ ကိုးကွယ်နေတဲ့ ဆရာတော် ကြီးမျိုးတွေ ဘယ်ပေါ်ထွက် တော့မလဲ။
တကယ်တော့ ကပ္ပိယကြီးရယ် ကမ္ဘာ့သာသနာပြု ဆရာတော်ကြီးတွေ နိုင်ငံကျော် ဆရာတော်ကြီး တွေဆိုတာ ဒီလိုပဲ ကလေးဘ၀ကနေ ဒကာ၊ဒကာမတွေက ထောက်ပံ့ ဆရာသမားတွေက ပျိုးထောင်လာခဲ့လို့ ဖြစ်လာခဲ့ ရတာပေါ့။ အပင်ပျိုးရင်း တခါတခါ ရေးများများ လောင်းမိလို့ အမြစ်ပုတ် အပင်သေ သွားတာရှိသလို အချိန်မှီ ရေမလောင်းမိလို့ အမြစ်ချောက် သေသွားတာလဲ ရှိသပေါ့ ကပ္ပိယကြီးရယ်။
အဲဒီတော့ သူ့အရွယ်နဲ့ သူ့စရိုက် အရွယ်ရောက်လာရင် ဖြစ်ပေါ်လာတတ် စမြဲမို့ အမြင်မတော်တဲ့ အရာလေးတွေကို အပြစ်မမြင်၊ ခွင့်လွတ်နားလည်ပေး၊ လမ်းမှန်ရောက်အောင် သားသမီးလို စောင့်ရှောက်ပေးပြီး သာသနာ တော်အတွက် ဆရာတော်ကြီး တွေဖြစ်ဖို့ သာသနာ့ဘောင်မှာ ပျော်နေတဲ့ ကိုရင်ငယ် ရဟန်းငယ် လေးတွေကို ကြည်ညို လိုက်စမ်းပါ ကပ္ပိယကြီးရယ်……………………တဲ့။
စာသင်သား သံဃာတော်ပေါင်း (၂၀၀)ကျော်ရဲ့ မိခင်ကြီး၊ သာသနာ့ မိခင်ကြီး၏ စိတ်ဓာတ်နှင့် သဘောထားကို ကြားသိလိုက်ရတဲ့ ကပ္ပိယကြီးသည် မျက်ရည်စ တွေဝဲကျ အံ့သြခြင်း များစွာဖြင့် တန်လျားခုံးပေါ်တွင် ကျောင်းအစ်မကြီး ထွက်သွားသော ခြေလှမ်းတို့ကို ငေးကြည့်ကာ ကျန်ရစ်ခဲ့ လေတော့သည်။ ထိုနေ့မှစ၍ ကျောင်းရှိ ကပ္ပိယကြီးသည် ကိုရင်လေးများက အဘရေ ကိုရင်တို့ကို ဘာလုပ်ပေး ပါဟုဆိုလျှင် ပြုံးပြုံးကြီးဖြင့် လုပ်ပေးရှာသည်။ ကိုရင်လေး တွေကလည်း အဘကိုချစ်ကြ၊ အဘကလည်း ကိုရင်လေးတွေကို ချစ်ကြနှင့် ပျော်စရာ ကြီးဖြစ်၍ နေလေတော့သည်။
ထို့ကြောင့် စာရေးသူ ကောက်ချက်ချမိသည်။ ဗုဒ္ဓဘာသာ ခံယူထားသည့် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့တွင် သဒ္ဓါတရား အားကောင်း၍ သာသနာကို ချစ်မြတ်နိုးသော အမျိုးကောင်းသား၊ အမျိုးကောင်း သမီးတို့သည် ကိုရင်ငယ်၊ ရဟန်းငယ် တို့အပေါ်၌ မိမိသွေးသား များကဲ့သို့ ကြည်ဖြူ စောင့်ရှောက် နားလည် ပေးကြကုန်၏။ တကယ်ပင် သာသနာတော်ကို ထောက်ပံ့လှူဒါန်း ကြကုန်၏။ သဒ္ဓါတရား အားနည်း၍ ဟိုယောင်ယောင် ဒီယောင်ယောင် အမျိုးကောင်းသား၊ အမျိုး ကောင်းသမီးတို့သည်ကား ပိဋကတ်ကျမ်းစာ တစ်ပိုင်းကြောင့် ကျက်မှတ်ကာ သာသနာစိတ် ကြီးမာသယောင်ယောင်၊ ခေတ်ပညာတတ် လူတတ်ယောင်ယောင် ရဟန်းသာမဏေ တို့အပေါ် အထင်မြင်သေးကာ ဟိုကိုရင်က ဘာတွေလုပ်နေ၏၊ ဟိုဘုန်းကြီးက ဒါတွေလုပ် နေ၏ဟု ဝေဖန်လေကန် မှုပြုကြ၏၊ သာသနာတော်ကို ရက်ရက်ရောရော ထောက်ပံ့လှူဒါန်း ကြသူများ မဟုတ်ပေ။
မစိုးရိမ် ဆရာတော် မိန့်သည့် စကားဖြင့် နိဂုံးကမ္ပတ် အဆုံးသတ် လိုက်ပါရစေ…..
မန္တလေးမြို့က ဒကာကြီး တယောက်သည် ကိုရင်များ ဘောလုံးကန် နေသည်ကို တွေ့မြင်၍ မစိုးရိမ်ဆရာတော် ဘုရားကြီးထံ သွားရောက်၍ ဆရာတော်ဘုရား အရှင်ဘုရားကျောင်းက ကိုရင်တွေ ဘောလုံးကွင်းထဲမှာ ဘောလုံးကန် နေပါသည် ဘုရား၊ မြင်ရ တွေ့ရတာ မကောင်းလှပါဘူး ဘုရားဟု လျှောက်ထားလေ၏။
ထိုအခါ ဆရာတော်က ပြန်မိန့်လိုက်သည်မှာ ….အေးကွဲ့ ဒကာတော်…. ကိုရင်လေးတွေ ဘောလုံးကန်နေတာ သွား အပြစ်မမြင်လေနဲ့။ နောင်တချိန် ဒီကိုရင်လေးတွေ ငါလို ဆရာတော်ကြီး ဖြစ်တဲ့အခါ ဘောလုံးကန်ပါဥိး ဘုရားလို့ ဆိုပြီး ဘောလုံး လာချပေးထား။ ဘယ်တော့မှ မကန်တော့ဘူးမှတ်။ ကလေးမို့ ဆော့တာ ဆော့ပစေ..ပစ်ထားလိုက်ဟု မိန့်တော်မူပါသတည်း။
ကဲ ယနေ့ခေတ် ညီငယ် ညီမငယ် အကိုကြီး အမကြီးတို့……မည်သို့မည်ပုံ သာသနာ့ဝန်ထမ်း ရှင်ရဟန်း တွေအပေါ် ရူ့မြင်ကြမလဲ…ဆိုတာ ခေတ်ပညာတတ် ပညာရှင် ကြီးများမို့ သိရှိကြ လိမ့်မည်ဟု ယုံကြည်မိပါကြောင်း ……………………
ဦးမနက်ဖြန်
Posted by
အရှင်နာယကာလင်္ကာရ
at
1/21/2011 09:22:00 PM
Labels: အသိပညာပေး 2 comments
Tuesday, January 18, 2011
ပြဿနာ
ပြဿနာဟူသည် အကျိုးစကားလုံးဖြစ်သည်။ ပြဿနာလောက်ကိုသာ အပေါ်ယံကြည့်၍ ရှုတ်ချ အပုတ်ချခြင်းသည် အသိဥာဏ်နည်းသူများ၏ လုပ်ရပ်ဖြစ်သကဲ့သို့ တစ်ပါးသူ လွန်ကျူးမိသော အပြစ်ကို အများတကာသိအောင် ကြိုးစားခြင်းသည် စိတ်ပုတ် စိတ်ယုတ်ရှိသူများ၏ လက္ခဏာပေတည်း။ လောဘ ဒေါသ မောဟ ရှိသူမှန်သမျှသည် ပြဿနာကို လုပ်လေ့ရှိကြသည်။ ခြောက်ပြစ်ကင်း သဲလဲစင် ဟူသည် ပုထုဖဉ်လူသားတွေမှာ မရှိနိုင်ပါဘူး။ လောဘကိုမထိန်းနိုင်ခြင်း ဒေါသကို မထိန်းချုပ်နိုင်ခြင်း မောဟကို မပယ်သတ်နိုင်ခြင်းတို့ကြောင့် ယနေ့ခေတ် လွန်ပြီးခေတ်တွေမှာ ပြာဿနာပေါင်းစုံ အရှုပ်ပေါင်းစုံ
ဖြစ်ပေါ်နေခြင်းဖြစ်သည်။
နောင်လာမည့်ခေတ်တွေမှာလဲ ဖြစ်လာဦးမည်တည်း။ ပုထုဇဉ်လူသားမှန်သမျှသည် အပြစ်ကို လုပ်နေဦးမည်တည်း။ ထို့ကြောင့် ပြဿနာ၏ အကြောင်းတရားသည် လောဘ ဒေါသ မောဟ တို့ပေတည်းဟု သတိနှင့် သိရှိထားရပေမည်။ ပြဿနာဟူသည် လောဘ ဒေါသ မောဟတို့ဖြင့် လွန်ကျူးလာသော အပြစ်ပေတည်း။ ထိုကို ပြဿနာဟု ခေါ်ဝေါ်ကြသည်။
တစုံတယောက် ပြဿနာလွန်ကျူးမိခဲ့လျှင် လွန်ကျူးသူ တစုံတယောက်သည် မိမိလွန်ကျူးမိသော အပြစ်ကို ရင်ဆိုင်ဖြေရှင်းသင့်သည်။ ပတ်ဝန်းကျင်ကလည်း ထိုသူ၏ လွန်ကျူးမှုကို ကူညီဖြေရှင်းပေးသင့်သည်။ အော် လောဘကို မထိန်းနိုင်လို့ ဒေါသကို မတားနိုင်လို့ မောဟတရား အားကြီးလို့ ဒီလိုအပြစ်တွေဖြစ်တာပါလားလို့ ကိုယ်တိုင်းလည်း သင်္ခန်းစာ ယူသင့်သည်။
အပြစ်သည် လူမြင်သာသည်။ အပြစ်၏ အကြောင်းတရားသည် အမြင်ရခက်သည်။ ထို့ကြောင့် လောကတွင် အပြစ်တွေ့လာတိုင်း အပြစ်ဖြစ်ပေါ်လာရခြင်း၏ အကြောင်းတရားကို အခြေမြစ်သိရအောင် လေ့လာဖို့ လိုလာသည်။ အပြစ်ကို ဖုံးကွယ်ကာ ဖြေရှင်းသင့်သည်။ လော်စပီကာနှင့် အော်ကာ အများသူငှာ အသိပညာရရှိစေဖို့ ဝေငှရမည့် ကြော်ငြာ ပစ္စည်းမဟုတ်ပေ။
ယခုခေတ်မှာတော့ ဘလော့ပေါ် အင်တာနက် စာမျက်နှာပေါ် ဖြန့်ဝေရမည့် သတင်းလည်းမဟုတ်သလို အများသူငှာ သိသင့်သည် အင်ဖော်မေးရှင်းလည်း မဟုတ်ပေ။ မည်ကဲ့သိုအပြစ်ပေါ်လာလျှင် မည်ကဲ့သို့ ဖြေရှင်းသင့်သည်ဟုသာ ဖြေရှင်းနည်းကိုတော့ဖြင့် အင်ဖော်မေးရှင်းအဖြစ် ဝေငှမည်ဆိုလျှင် ဝေငှနိုင်ပါသည်။ သို့ဖြင့် မဟုတ်ဘဲ မည်သူက မတရားလုပ်သဖြင့် ထိုမည်သူသည် လူယုတ်မာကြီးဟု အများသူငှာသို့ ဖြန်ဝေလျှင်တော့ ထိုဖြန့်ဝေသူကိုယ်တိုင်ပင် လူယုတ်မာကြီးဖြစ်လာပေတော့သည်။
ယနေ့ခေတ် အများစုသည် မိမိထံသို့ရောက်လာသော အင်ဖော်မေးရှင်းများကိုဖတ်ကာ ရေးသားဖော်ပြသည့် အကြောင်းအရာလောက်ကိုသာ အဟုတ်ကြီးထင်ကာ သံယောင်လိုက်၍ မတရားဘူး မလုပ်သင့်ဘူး ဒီလိုကြီးလုပ်တာ လူယုတ်မာပဲ စသည်ဖြင့် ဝေဘန်ကြသည် အတင်းတုတ်ကြသည်။ အပုတ်ချကြသည်။ အင်ဖော်မေးရှင်းရေးသူ သို့မဟုတ် ဖော်ပြသူ၏ အတွင်းစိတ်သည် ဤအကြောင်းအရာကို မည်သည့် ရည်ရွယ်ချက် မည်သို့မည်ပုံရေးသည်ကို လေ့လာမဆန်းစစ်ကြပေ။
အင်ဖော်မာ (စာရေးသူ)သည် ပြဿနာတစုံတခုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆိုးကို တပါးသူတို့ ဆင်ခြင်စေဖို့ အသိပညာရစေဖို့ ဝေငှလိုလျှင် ဖြစ်ပေါ်လာသော ပြဿနာ၏ ဆိုလိုရင်း အကြောင်းတရား ဖြစ်ပေါ်လာသော ဆိုးကျိုးများကို ဓမ္မဒိဋ္ဌာန်ကျကျ ရေးသားသင့်သည်။ အသင်းအဖွဲ့ သို့မဟုတ် ကာယကံရှင်တို့၏ အမည်များကို သုံးစွဲခွင့်မရှိပေ။ သုံးစွဲမည်ဆိုခဲ့လျှင် ခွင့်တောင်းရပေမည်။ သို့တည်းမဟုတ်ပဲ ခွင့်ပြုချက် မရှိပဲ အင်ဖော်မေးရှင်းအဖြစ်ရေးခဲ့လျှင် အင်ဖော်မာသမားသည် အသင်းအဖွဲ့ သို့မဟုတ် ကာယကံရှင်တို့အပေါ် မကျေနပ် အမုန်းပွားသော စိတ်ဖြင့် ရေးသားခြင်းသာ ဖြစ်ချေ၏။ ထို့ကြောင့် အင်ဖော်မာသမား သည်လည်း ဒေါသကိုမထိန်းနိုင်၍ ကိုယ်တိုင်ပင် သူတပါးကို အပုတ်ချခြင်း ရှုတ်ချခြင်း ဗျာပါဒ အပြစ် အကုသိုလ် လွန်ကျူးနေတော့၏။
ဆုတ်ကပ်ခေတ်ဖြစ်သော ယနေ့ကမ္ဘာကြီးတွင် မကြာ မကြာ ပြဿနာများ ပေါ်လာကြပေလိမ့်မည်။ ဓမ္မဒိဋ္ဌာန်ကျကျ မိမိတို့ ရှု့မြင်သုံးသပ်ကာ ဒါကြောင့် ပြဿနာဖြစ်တာပဲ ဒီလိုမဖြစ်အောင် ဒို့တွေ ရှောင်ကြဉ်ကြစို့ဟဲ့ဟု သင်္ခန်းစာယူရမည်။ မိမိဝန်းကျင်မှာ ပြာဿနာဖြစ်လာလျှင် ၀ိုင်းဝန်း၍ အသိပညာဖြင့် သိုသိုသိပ်သိပ် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းသင့်သည်။ ထို့ကြောင့် ပြာဿနာဖြေရှင်းနည်းများကို
မြတ်ဗုဒ္ဓ ဟောကြား နည်းပေးသည့်အတိုင်း အများသူငှာ သိရှိစေဖို့ ဝေငှလိုက်ပါသည်။
အဓိကရဏ -ပြဿနာ (၄)ခုရှိသည်။
(၁) ၀ိဝါဒါဓိကရဏ- ငြင်းခုံခြင်းပြဿနာ
(၂) အနုဝါဒါဓိကရဏ- စွပ်စွဲခံရခြင်းပြဿနာ
(၃) အာပတ္တာဓိကရဏ- အပြစ်လွန်ကျူးခြင်းပြဿနာ
(၄) ကိစ္စာဓိကရဏ- လူမှုရေးဖောက်ဖျက်ခြင်းပြဿနာ
သမထ (ပြဿနာဖြေရှင်းနည်း) (၇)-ခု
(၁) သမ္မုခါဝိနယ- စွပ်စွဲသူ အစွပ်စွဲခံရသူဟူသော ပုဂ္ဂိုလ်၊ တရားနည်းလမ်းကျကျဟူသော ဓမ္မ၊ ရေးစွဲထားသည့် ဥပဒေစည်းမျဉ်းဟူသော ၀ိနယ၊ သမာသမတ်ကျသည် အဖွဲ့အစည်း တရားရုံးတို့၏ မျက်မှောက်တွင် စေ့စပ်ညှိုနှိုင်း ဖြေရှင်းခြင်း၊
(၂) ယေဘုယျသိကာဝိနယ- သမာသမတ်ကျသော အများသူငှာ (တရားရုံး သို့မဟုတ် အဖွဲ့အစည်း) အဆုံးအဖြတ်ဖြင့် စေ့စပ်ညှိုနှိုင်း ဖြေရှင်းခြင်း၊
(၃) သတိဝိနယ- သတိပေးတားမြစ် အာမခံခြင်းဖြင့် ဖြေရှင်းခြင်း၊
(၄) အမူဠ၀ိနယ- ပယ်လှပ်ခြင်းဖြင့် ဖြေရှင်းခြင်း။ (စိတ်ဖောက်ပြန်သူများအတွက်)
(၅) ပဋိညာတကရဏ၀ိနယ- အပြစ်လွန်ကျူးကြောင်း ၀န်ခံစေခြင်းဖြင့် ဖြေရှင်းခြင်း၊
(၆) တဿပါပိယသိကာဝိနယ- လွန်ကျူးပါလျက် မလွန်ကျူးဟု အတင်းငြင်းချတ်ထုတ်သူအား သက်သေအထောက်အထားအရလွန်ကျူးနေသူသို့မဟုတ် သံသယဖြစ်ဘွယ်ရှိသူ ဟုသာ အသိမှတ်ပြု၍ စေ့စပ်ညှိုနှိုင်း ဖြေရှင်းခြင်း
(၇) တိဏ၀တ္ထာရက ၀ိနယ- မစင်အညစ်ကြေးတို့သည် အနံ့ဆိုးဝါးလှသဖြင့် အနံ့ဆိုးတို့ဖြင့် အများသူငှာ မနှိပ်စက်စေရန် မြတ်သစ်ရွတ်တို့ဖြင့် ဖုံးဖိထားသကဲ့သို့ (ယခုခေတ်- ကျင်းတူး တွင်းတူ ဖုံးအုပ်ထားသကဲ့သို့) ပြဿနာသည် မငြိမ်းအေးပဲ ကြီးထွား မလာစေရန်နှင့် ညီညွတ်နေမှုတို့ ကွဲပြားပျက်စည်းမှုများ မဖြစ်ပေါ်လာနိုင်စေရန် စေ့စပ်ညှိုနှိုင်းခြင်းမပြုပဲ တဦးနှင့်တဦး တဖွဲ့နှင့်တဖွဲ့ အပြစ်မေ့ပျောက် ခွင့်လွှတ်နားလည်မှုဖြင့် ငြိမ်အေးစေခြင်း- တို့ဖြစ်သည်။
ပြဿနာနှင့်ဖြေရှင်းနည်း တွဲအသုံးပြုပုံ
ဝိ၀ါဒါအဓိရုဏ်ကို- (၁) သမ္မုခါဝိနယ- စွပ်စွဲသူ အစွပ်စွဲခံရသူဟူသော ပုဂ္ဂိုလ်၊ တရားနည်းလမ်းကျကျဟူသောဓမ္မ၊
ရေးစွဲထားသည့် ဥပဒေစည်းမျဉ်းဟူသော ၀ိနယ၊ သမာသမတ်ကျသည် အဖွဲ့အစည်း တရားရုံးတို့၏ မျက်မှောက်တွင် စေ့စပ်ညှိုနှိုငဖြေရှင်းခြင်း၊
(၂) ယေဘုယျသိကာဝိနယ- သမာသမတ်ကျသော အများသူငှာ (တရားရုံး သို့မဟုတ် အဖွဲ့အစည်း) အဆုံးအဖြတ်ဖြင့် စေ့စပ်ညှိုနှိုင်း ဖြေရှင်းခြင်း နည်းနှစ်ခုဖြင့် ဖြေရှင်းပါ။
အနုဝါဒါဓိကရုဏ်ကို- (၁) သမ္မုခါဝိနယ- စွပ်စွဲသူ အစွပ်စွဲခံရသူဟူသော ပုဂ္ဂိုလ်၊ တရားနည်းလမ်းကျကျဟူသောဓမ္မ၊
ရေးစွဲထားသည့် ဥပဒေစည်းမျဉ်းဟူသော ၀ိနယ၊ သမာသမတ်ကျသည် အဖွဲ့အစည်း တရားရုံးတို့၏မျက်မှောက်တွင် စေ့စပ်ညှိုနှိုင်း ဖြေရှင်းခြင်း၊
(၃) သတိဝိနယ- သတိပေးတားမြစ် အာမခံခြင်းဖြင့် ဖြေရှင်းခြင်း၊
(၄) အမူဠ၀ိနယ- ပယ်လှပ်ခြင်းဖြင့် ဖြေရှင်းခြင်း
(၆) တဿပါပိယသိကာဝိနယ- လွန်ကျူးပါလျက် မလွန်ကျူးဟု အတင်းငြင်းချတ်ထုတ်သူအား သက်သေအထောက်အထားအရ
လွန်ကျူးနေသူသို့မဟုတ် သံသယဖြစ်ဘွယ်ရှိသူ ဟုသာ အသိမှတ်ပြု၍ စေ့စပ်ညှိုနှိုင်း ဖြေရှင်းခြင်းဟူသော နည်းလေးနည်းတို့ဖြင့် ဖြေရှင်းပါ။
အာပတ္တာဓိကရဏ-ကို- (၁) သမ္မုခါဝိနယ- စွပ်စွဲသူ အစွပ်စွဲခံရသဟူသော ပုဂ္ဂိုလ်၊ တရားနည်းလမ်းကျကျဟူသောဓမ္မ၊ ရေးစွဲထားသည့် ဥပဒေစည်းမျဉ်းဟူသော ၀ိနယ၊ သမာသမတ်ကျသည် အဖွဲ့အစည်း တ၇ားရုံးတို့၏ မျက်မှောက်တွင် စေ့စပ်ညှိုနှိုင်း ဖြေရှင်းခြင်း၊
(၅) ပဋိညာတကရဏ၀ိနယ- အပြစ်လွန်ကျူးကြောင်း ၀န်ခံစေခြင်းဖြင့် ဖြေရှင်းခြင်း၊
(၇) တိဏ၀တ္ထာရက ၀ိနယ- မစင်အညစ်ကြေးတို့သည် အနံ့ဆိုးဝါးလှသဖြင့် အနံ့ဆိုးတို့ဖြင့် အများသူငှာ မနှိပ်စက်စေရန် မြတ်သစ်ရွတ်တို့ဖြင့် ဖုံးဖိထားသကဲ့သို့ (ယခုခေတ်- ကျင်းတူး တွင်းတူ ဖုံးအုပ်ထားသကဲ့သို့) ပြဿနာသည် မငြိမ်းအေးပဲ ကြီးထွား မလာစေရန်နှင့် ညီညွတ်နေမှုတို့ ကွဲပြားပျက်စည်းမှုများ မဖြစ်ပေါ်လာနိုင်စေရန် စေ့စပ်ညှိုနှိုင်းခြင်းမပြုပဲ တဦးနှင့်တဦး
တဖွဲ့နှင့်တဖွဲ့ အပြစ်မေ့ပျောက် ခွင့်လွတ်နာလည်မှုဖြင့် ငြိမ်အေးစေခြင်း။ နည်းသုံးနည်းဖြင့် ဖြေရှင်းပါ။
ကိစ္စာဓိကရဏ-ကို- (၁) သမ္မုခါဝိနယ- စွပ်စွဲသူ အစွပ်စွဲခံရသဟူသော ပုဂ္ဂိုလ်၊ တရားနည်းလမ်းကျကျဟူသောဓမ္မ၊ ရေးစွဲထားသည့် ဥပဒေစည်းမျဉ်းဟူသော ၀ိနယ၊ သမာသမတ်ကျသည် အဖွဲ့အစည်း တ၇ားရုံးတို့၏ မျက်မှောက်တွင် စေ့စပ်ညှိုနှိုင်း ဖြေရှင်းခြင်း၊ ဖြင့်သာဖြေရှင်းပါ။
မြတ်ဗုဒ္ဓ ချပေးထားသည့် ပြဿနာဖြေရှင်းနည်းတွင် အများသူငှာ အသိရစေဖို့ ရှောင်ကြည်နိုင်စေဖို့ ပုဂ္ဂလဓိဋ္ဌာန်ဖြင့် ဖော်ထုတ်ရမည်ဟု မပါချေ။ စာဖတ်သူတို့ နားလည်မည်ထင်ပါသည်။ မှုခင်းဂျာနယ်များကို ဖတ်ဖူးလျှင် သိပါမည်....ကာယကံရှင်တို့၏ အမည်များ ဓာတ်ပုံများ သုံးစွဲမည်ဆိုလျှင် ခွင့်တောင်းရပါသည်။ ခွင့်ပြုချက်ယူရပါသည်။ သိုမဟုတ်ဘဲ နာမည်ဓာတ်ပုံမှာကာယကံရှင် ခွင့်ပြုသည်မဟုတ်ပဲ သုံးစွဲလျှင် လူအခွင့်အရေး ဥပဒေအရသော်လည်းကောင်း လူ့ကျင့်ဝတ်အနေရသော်လည်းကောင်း သုံးစွဲသူ ဖော်ပြသူအား တရားစွဲလို့ရပါသည်။
ပုဂ္ဂလဓိဋ္ဌာန်ဖြင့် ရေးသားလာသော သတင်းနှင့် အကြောင်းအရာတို့သည် အမှန်စင်စစ် သတင်းမဟုတ်ပေ။ ဗဟုသုတ ဖြစ်ဖွယ်နှင့် အများသူငှာ ဖတ်သင့်သည့် အရာမဟုတ်ချေ။
တကယ်စင်စစ် စိတ်ဓာတ် အင်အားနည်း၍ အပုတ်ချ ရှုတ်ချခြင်းသာ ဖြစ်ချေသည်။ ပုဂ္ဂိုလ်ကို အမုန်းပွား အာဃာတထားခြင်းမျှသာ ဖြစ်ချေသည်။
ထို့ကြောင့် မြတ်ဗုဒ္ဓ၏ အဆုံးအမကို လိုက်နာကြသည်ဟု ဆိုကြသည့် ညီ အကို၊ အမ ညီမငယ်များတို့ ...တကယ်ပင် ငါတို့သည် ဗုဒ္ဓ၏ အဆုံးမကို လိုက်နာသူများ ဖြစ်သည်လော မဖြစ်သည်လော၊ စာပေတွေဖတ် ဆရာတော်ပေါင်းများစွာ ဟောသမျှကို နာယူ ဖတ်နာရုံမျှ သက်သက်မျှဖြင့် ငါတို့ တော့ ဆရာကြီးဖြစ်ပြီဟု ကိုယ့်ကိုယ်အထင်ကြီးကာ သူတပါးပြဿနာကို လေလိုင်းမှာ ဖွ၊ ငါသာ ဆရာကြီးဖြစ်သည်ဟု ကြွားဝါနေသည့် ပုဂ္ဂိုလ်ဖြစ်နေသလော မဖြစ်နေသလောဟု ပြန်လည် ဆန်းစစ်သင့်ပေသည်။ သဒ္ဓါနည်း၍ ဆရာကြီးရောဂါပေါများနေသည့် ခေတ်ကြီးမှာ သတိထားစရာပင် ဖြစ်ပါ၏။ ဗုဒ္ဓ၏တရားတော်များနှင့် ချိန်ထိုးကြည့်လျှင် မိမိ.ဘာ..ဆိုတာကို နားလည်နိုင်မည်ဖြစ်ပါ၏။
န ပရေသံ ၀ိလောမာနိ၊ န ပရေသံ ကတာတံ၊
အတၱေနာ၀ အေ၀ေကၡယ်၊ ကတာနိ အကတာနိစ (ဓမၼပဒ)
တပါးသူ အပြစ်၊ တပါးသူ လုပ်သည် မလုပ်သည်တို့ကို မကြည့်လေနှင့်၊
ကိုယ့်အပြစ် ကိုယ်လုပ်သည်မလုပ်သည်ကိုသာ ကြည့်လေ။
ပရ၀ဇ္ဇာ နုပဿိဿ၊ နိစ္စံ ဥဇ္ဈာနသညိနော
အာသ၀ါ တဿ ၀ဎုန္တိ၊ အာရာ သော အာသ၀က္ခယာ။ (ဓမ္မပဒ)
တပါးသူ အပြစ်ကို ဆီလိုအပေါက်ရှာ ကြည်နေသူများမှာ မည်သို့ပင် တရားတွေနာ စာအုပ်တွေဖတ်နေစေကာမူ အကုသိုလ်တိုးပွာ ကိလေသာထူ ကိလေသာ ချေညှော်တွေ ဆူသဖြင့် နိဗ္ဗာန်နှင့် ဝေးလေတော့သတည်း။
အရှုပ်တွေ ဖယ်ထုတ် တကယ်ပင် တရားအလုပ် လုပ်ကြပါစို့။
ဗြဟ္မစိုရ်တရားများဖြင့်
Posted by
အရှင်နာယကာလင်္ကာရ
at
1/18/2011 11:10:00 AM
Labels: အသိပညာပေး 7 comments
Monday, December 20, 2010
အော်ရီဂန်ပြည်နယ် ပေါ့တလန်မြို့သို့ အလည်တစ်ခေါက်
![]() |
| From Portland |
နောင်ကြီး ၀ိစက္ခဏရေ ...ပေါ့တလန်ဘက် သွားလည်ပတ်ရအောင်လေဗျာ၊ အေး ငါ့ညီရေ ...သိပ်ကောင်းပေါ့ကွာ၊ ငါလည်း အဲဒီဘက်တွေကို မရောက်ဘူးသေးဖူးကွာ။ ဖော့ဝိန်းမြို့ဓမ္မရက္ခိတကျောင်းဆရာတော်နဲ့ မနက်ဖြန်တို့ ဖုန်းဆက်ပြောဖြစ်တဲ့ စကား လေးပါ။ ပြောသာပြောလိုက်ကြတယ်။ ခရီးစဉ်က မဖြစ်မြောက်ခဲ့ပါ။ ကံအကြောင်း ဖန်လာတော့လည်း ခရီးစဉ်က စိုက်စိုက်မတ်မတ်ပါပဲ။ ပေါ့တလန်မြို့ သီရိမင်္ဂလာ ကျောင်းဆရာတော်က သူ့ကျောင်းကထိန် ကြွရောက်ဖို့ ကမ်းလှမ်းလေတော့ ရေငတ်သူ ရေတွင်းထဲပြုတ်ကျသလိုပါပဲ ဟန်မလုပ် ငြင်းချက်မထုတ်ဘဲ တုဏှီဘာဝေန အဓိပါ သေသိ- ဆိတ်ဆိတ်နေခြင်းသည် လက်ခံခြင်းဖြစ်သည်ဟု ပါဠိတော်အလာရှိ မိန့်မှာ ချက်နှင့်အညီ လေယာဉ်လက်မှတ်ရဖို့ စီစဉ်စေသတည်းပေါ့။
နောင်တော်ကြီး ဦးသိရိန္ဒက သူကိုယ်တိုင်လေယာဉ်လက်မှတ်စပွန်ဆာ လုပ်ကာခေါ်ပါသည်။ သို့သော် ပေါ့တလန် ဒကာ+ဒကာမများက ဒါနသံဝိဘာရတော-ပေးကမ်းခြင်း ဝေဘန်ပိုင်းခြား ခြင်း၌ နှစ်ခြိုက်သူများ၊ ဝေါသဂ္ဂရတော- မစ္ဆရိယစိတ် ကပ်ငြိခြင်းမရှိ စွန့်လွတ်မှု၌ ပျော်မွေ့သူများ ဖြစ်သဖြင့် လေယာဉ်လက်မှတ် စပွန်ဆာကို .....တို့မှတာဝန်ယူ၍ ယာနဒါနအရ ယူကြသည်။
ရောက်ချင်လှသည့် ပေါ့တလန်သို့ ရောက်ခွင့်ကြုံသည့် အခိုက် တစ်ခါမှ မတွေ့ဘူးသည့် ဆရာတော်သံဃာတော်များနှင့် ဒကာ+ဒကာမမိတ်ဆွေများ ဖူးရမြင်ရ ကြုံရဆုံရသည်။ ကာလီဖိုးနီးယားပြည်နယ်၊ အဇူဇာကျောင်းတိုက်မှ ဆရာတော် ဒေါက်တာ ဉာဏ၀ရနှင့် ဆုံရသည်။ ဆရာတော်သည် သက်တော် အားဖြင့် ၆၀ကျော်ဖြစ်သော်လည်း လွန်ခဲ့သည့် နှစ်ကမှ ကာလီဖိုးနီးယားတက္ကသိုလ်မှ ဒေါက်တာဘွဲ့ကို အောင်မြင်ရရှိ ထားခြင်းဖြစ်သည်။ ပညာလို အိုသည်မရှိဆိုသည့်အတိုင်း စာကိုမှစာ အာရုံစိုက်၍ လှမ်းလာခဲ့ရာ အောက်ခြေ ဟိုက်စကူးမှသည် ကောလိပ်၊ ကောလိပ်မှသည် တက္ကသိုလ်လှမ်းကာ ပါရဂူဘွဲ့ကို ဆွတ်ခူးခဲ့သည်။ ဆရာတော်၏ ပညာသင်ယူမှုအပေါ် ပြင်းပြသော မွတ်သိပ်မှု (ဆန္ဒာဓိပတိ) ကြီးမားသောဇွဲ (၀ီရိယာဓိပတိ) အချိန်တိုတွင်း လျင်မြန်သော သင်ယူမှု (၀ီမံသာဓိပတိ) ပညာရေးမှတစ်ပါးအခြားအာရုံ မရှိတည်ကြည်လှ ခိုင်မြဲလှသည့် စိတ်ဓာတ်( စိတ္တာဓိပတိ)တို့သည် ဆရာတော်၏ ပြောဆိုမှု လှုပ်ရှားမှု၊ ဆရာတော်၏ ဥပဓိရုပ်အသွင်တို့မှ ဖေါ်ပြနေပါသည်။ မြင်နေရပါသည်။ ဆရာတော်ကြီးသည် ပညာအရာမှာသာ အရေးဂရုစိုက်သည် မဟုတ် သူ၏ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်တော်မူသည်။ တစ်နေ့လျှင်တစ်နာရီခန့် လမ်းရှောက်တော်မူလာသည်မှာ နှစ်ပေါင်းများစွာ ပင်ဖြစ်သည်ဟု မိန့်ကြားသည်။ နေ့စဉ်လမ်းလျှောက်ခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာရေးကို ပြုပြင်သည်ဟုလည်း အမိန့်ရှိသည်။ ဆရာတော်သည် မနက်အာရုံဆွမ်းစားပြီးသည်နှင့် ခဏတာ နားယူပြီး လမ်းလျှောက်ဖို့ ကျောင်းမှ ထွက်သွားတော့သည်။ ပြန်လာလျှင် ချွေးစို့သော သင်္ကန်းများကို လဲလှယ်ကာ ရေချိုးတော်မူသည်။ ထို့နောက် ရေနွေးခါးခါး သောက်တော်မူ လေ့ရှိသည်။ ရေနွေးကိုတော့ အလွန်ပင် နှစ်သက်တော်မူသည်။ ဆရာတော်သည် မနက်ဖြန်၏ ဖခင်နှင့် သက်တူ အရွယ်တူလောက်ပင်ဖြစ်သည်။ ဆရာတော်ကလည်း မိန့်ပါသည် မောင်ပဇင်းတို့ ကျန်းမာရေး ဂရုစိုက်ကွဲ့၊ ကွန်ပြူတာနဲ့အလုပ်များတဲ့ မောင်မင်းတို့ နာနာလမ်းလျှောက်၊ မပျင်းရဘူး ကွဲ့ဟုမိန့်သည်။ စင်္ကြံလျှောက်လို့ ရတဲ့ အကျိုး (၇)မျိုးရှိတယ်လေကွယ်။ မင်းတို့လည်း သိသားပဲ။ လက်တွေ့ အသုံးမချတော့ မရသေးဘူး မခံစားဘူးသေးဘူးမို့လား။ လက်တွေ့ ကျင့်သုံးပေါ့ဟု ထပ်တလဲလဲ ပြောပါသည်။
ခရီးတခေါက်ထွက်လာခြင်းကြောင့် ဆရာတော်ကြီးများ၏ ထူးခြားသော အလေ့အကျင့် များ၊ အတုခိုးသင်ယူစရာများ၊ ဆုံးမသြ၀ါဒများ၊ မေတ္တာစေတနာများ ခံယူရရှိသည်မှာ လည်း တန်ဖိုးကြီးလေစွ။ လူတဦး ပုဂ္ဂိုလ်တစ်ယောက်ဆီ၏ သန္တာန်ဝယ် ထူးခြားသော အလေ့အကျင့်များ ရှိသည်သာ။ ကောင်းသည် မကောင်းသည်သာ ကွာခြားလေမည်။ ပေါ့တလန်ရောက်ခိုက် ဆရာတော် ဒေါက်တာဉာဏ၀ရမှ ညစဉ်ညတိုင်း လေးရက်တိုင် တိုင် ပေါ့တလန် ဒကာ+ဒကာမများကို တရားဟော ဓမ္မအသိပညာများ ဖြန့်ဝေတော်မူ သဖြင့် ဆရာတော်နှလုံးသားအတွင်းရှိ အသိပညာများကိုလည်း နာကြားခွင့်ရခဲ့သည်။ မကြားဖူးသေးသော အကြောင်းအရာများကို ကြားရ၍ ကြားဖူးပြီးသော အသိပညာများ ထပ်မံ သတိရစေခဲ့သည်။ စာပေများနှင့် မွေ့လျော်သူပီပီ အသိပညာတွေက များပြားလှ ပေသည်။
စာရေးသူလည်း ဆရာတော် အရှင်သိရိန္ဒဖြစ်ချင်လှသော ဓမ္မစာစောင်ကိုဖြစ်မြောက် အောင် လုပ်ပေးခွင့် ရရှိခဲ့သည်။ ပေါ့တလန်ရောက်စဉ် အနီးအနားရှိသော ၀ါရှင်တန် ပြည်နယ်၊ စီယတ်တယ်မြို့ (Washington State, Seattle City)ရှိ တိပိဋကကျောင်းနှင့် မဟာစည်ကျောင်းကိုလည်း ရောက်ရှိခဲ့၍ ဆရာတော်များကိုလည်း ဖူးမျှော်ခွင့်ကြုံခဲ့ သည်။ တိပိဋကကျောင်းဟူသည် ဆရာတော်အရှင်ဂန္ဓမာလာလင်္ကာရ၏ ကျောင်းတော် ဖြစ်သည်။
![]() |
| From Portland |
ပေါ့တလန်မြို့သည် အမြဲတမ်း စိမ်းလန်းစိုပြေနေသော နေရာဒေသဖြစ်သည်။ လှပ သော၊ သာယာသော မြို့ဖြစ်သည်။ သိရိမင်္ဂလာကျောင်းဆရာတော်မှ လှပသော ရေတံခွန်းကို လိုက်ပို့ပေးသည်။ ရှုးခင်းများသည် ငေးမောလို့ မဆုံး သူပြိုင်ငါပြိုင်လှပနေ လေသည်။ ရာသီဥတု ဆိုးဝါးသော အခိုက်အတန့်နှင့်ကြုံရ၍ ပေါ့တလန်မြို့၏ အလှ အပကို အပြည့်အ၀ မခံစားခဲ့ရသော်လည်း ခွင့်သာသော အလှအပမျှကိုသာ မြင်လိုက်ရ သည်နှင့် မမြင်ရသေးသော အလှအပများလည်း ဘယ်သူပြိုင်လို့ လှပါတော့နိုင်ဟု ခန့်မှန်းလို့ရနိုင်ပါသည်။
![]() |
| From Portland |
ပေါ့တလန်ကျောင်းဆရာတော်နှင့် ပေါ့တလန် ဒကာ+ဒကာမများ၏ မေတ္တာ စေတနာ သည်ကား အလည်ရောက်ခိုက် ခံစားခွင့်ကြုံသော အလှအပများတွင် အနွေးထွေးဆုံး နှင့် သာယအလှအပဆုံးဖြစ်သည်ဟု မှတ်တမ်းတင်လိုက်ချင်ပါသည်။ ကံမကုန်လျှင် ပြန်ဆုံးရအုံးမည်ပေါ့ ပေါ့တလန်………
Posted by
အရှင်နာယကာလင်္ကာရ
at
12/20/2010 08:02:00 PM
Labels: ဗဟုသုတ 0 comments
Sunday, December 19, 2010
"မိခင်တစ်ယောက်၏ အဌမမြောက်မုသား"

ကျွန်တော် ကလေးဘ၀အရွယ်တုံးက အဖြစ်အပျက်လေးတစ်ခုပါ ။ ဆင်းရဲနွမ်းပါးတဲ့ ကျွန်တော်တို့မိသားစုမှာ နေ့စဉ်ထမင်းနပ်မှန်အောင် စားဖို့တောင် မသေချာတဲ့နေ့တွေရှိခဲ့တယ် ။ ဒါပေမဲ့ အမေကတော့ မကြာခဏ သူ့ပန်းကန်ထဲက ထမင်းတွေကိုယူယူပြီး ကျွန်တော့်ထဲ အမြဲထည့်ထည့်ပေးတတ်တယ် ။ ပြီးရင် အမေပြောတဲ့ စကားတစ်ခွန်းရှိတယ် ။ "စား .. ငါ့သား အမေ သိပ်မဆာဘူး.." ။
အဲ့ဒါ ကျွန်တော် သိတတ်စအရွယ်က အမေ့ရဲ့ ပထမဆုံး မုသားစကားလေးပါ ။
ကျွန်တော် နည်းနည်းအရွယ်ရောက်လာတော့ ပိန်လှီသေးကွေးရှာတဲ့ ကျွန်တော့်ကို အာဟာရဓါတ်ပြည့်ဝစေချင်တဲ့စိတ်နဲ့ အိမ်ဘေးနားက မြစ်ကမ်းနံဘေးမှာ အမေရယ် ကျွန်တော်ရယ် ငါးသွားမျှားတယ် ။ အဲ့ဒီနေ့က ငါးနှစ်ကောင်မိတော့ အမေ ငါးဟင်းချိုလုပ်တိုက်တယ် ။ ကျွန်တော် ဟင်းချိုကို အားရပါးရသောက်နေတုံး အမေက ကျွန်တော့်ဘေးကနေထိုင်ကြည့်ပြီး ကြည်နူးမှုအပြည့်နဲ့ ။ တခါတလေ ကျွန်တော် စားထားတဲ့ အကြွင်းအကျန် ငါးရိုးလေးတွေ ယူစားတယ်။ ဒါကို မြင်ပြီး ကျွန်တော် စိတ်မကောင်းတော့ ငါးအသားလေးဖဲ့ပြီး အမေ့ကို ကျွေးတယ်။ အမေမစားဘူး ။ ပြီးတော့ ပြောတယ် ။ "စား .. ငါ့သား ..အမေ ငါး သိပ်မကြိုက်ဘူး.."
အဲ့ဒါ အမေ့ရဲ့ ဒုတိယမြောက် မုသား ။
ကျွန်တော် ကျောင်းနေရမဲ့ အရွယ်ရောက်ပြီ။ အမေက မီးခြစ်ဆံထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ မီးခြစ်ဆံဖြည့်တဲ့ အလုပ်လေးယူလုပ်တယ် ။ ညဘက်အိမ်ယူပြီး လုပ်ရတာဆိုတော့ ကျွန်တော့်ကိုလဲ စောင့်ရှောက် ကြည့်ရှုနိုင်သေးလို့ အမေသဘောကျတယ် ။ တည ကျွန်တော် နိုးလာတဲ့အချိန် (တော်တော်ညဥ့်နက် နောက်ကျနေပြီ) အမေ ဖယောင်းတိုင်မီးလေးထွန်းပြီး ဗူးလေးတွေထဲကို မီးခြစ်ဆံဖြည့်တဲ့အလုပ်တွေ လုပ်နေတုံးပဲ။ "အမေ .. အရမ်းမိုးချုပ်နေပြီ၊ အိပ်ပါတော့။ မနက်မှ ဆက်လုပ်လို့ရတာပဲ" လို့ ကျွန်တော်ပြောတော့ အမေကပြုံးပြီး ပြန်ပြောတယ် ။ "သွားအိပ် ငါ့သား .. အမေ အိပ်ချင်စိတ်မရှိသေးလို့ ဆက်လုပ် လိုက်ဦးမယ်" တဲ့ ။
အမေ့ရဲ့ တတိယမြောက်မုသားစကားလေးပါ ။
တခါတုံးက ကျွန်တော် အတန်းတင်စာမေးပွဲဖြေတဲ့နေ့မှာ အမေ ကျွန်တော့်ကို လိုက်ပို့ပြီး အခန်းအပြင်ဘက်တနေရာက ထိုင်စောင့်တယ်။ ပူပြင်းလှတဲ့နေရောင်ဒဏ်ကို သိပ်အကာအကွယ်မပေးနိုင်ရှာတဲ့ နေရာ တစ်ခုမှာ နာရီပေါင်းများစွာ အမေ ကျွန်တော့်ကို ထိုင်စောင့်တယ် ။ စာမေးပွဲပြီးပြီးချင်း အမေ့ဆီ ကျွန်တော် အပြေးအလွှားသွားတယ် ။ အမေ ကျွန်တော့်ကိုဖက်ထားပြီး အသင့်ပြင်ဆင်လာတဲ့ အချိုရည် အေးအေးလေးတခွက် တိုက်တယ် ။ တကိုယ်လုံးချွေးတွေရွှဲနေရှာတဲ့ အမေ့ကို မြင်တော့ ကျွန်တော် စိတ်မကောင်းဘူး ။ "အမေလဲ သောက်ဦးလေ" လို့ ပြောတော့ အမေ့ထုံးစံအတိုင်း "ငါ့သားပဲ သောက်ပါ။ အမေ ရေမဆာဘူး" တဲ့ ။
အဲ့ဒါ အမေရဲ့စတုတ္ထမြောက် မုသားစကားတစ်ခွန်း ။
သိပ်မကြာခင် အဖေဆုံးတယ် ။ အတန်းကြီးလာပြီဖြစ်တဲ့ ကျွန်တော်တို့ပညာရေးနဲ့ အိမ်ကိစ္စက အမေ့တာဝန်လုံးလုံးဖြစ်ပြီ။ အမေ အပြင်ထွက်အလုပ်လုပ်ပြီး ငွေရှာရတော့ အိမ်မှာကျန်ခဲ့တဲ့ ကျွန်တော်တို့တွေ ငတ်တလှည့် ပြတ်တလှည့်။ မိသားစု အခြေအနေဆိုးသထက်ဆိုးတာ မြင်လာတဲ့ အိမ်နားက အမေ့မိတ်ဆွေက ကျွန်တော်တို့ကို ရံဖန်ရံခါ လာစောင့်ရှောက်တယ် ။ ပတ်ဝန်းကျင်က အမေ့ကို သူနဲ့ပဲ နောက် အိမ်ထောင်တစ်ခုထူလိုက်ဖို့ တိုက်တွန်းကြတယ် ။ အမေ ခပ်ပြတ်ပြတ်ငြင်းဆိုပြီး အခိုင်အမာ စကားတစ်ခွန်းဆိုတယ် .."ကျွန်မဘ၀အတွက် ကျွန်မကလေးတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ လုံလောက်တယ်.." တဲ့ ။
အမေ့ရဲ့ ပဉ္စမမြောက်မုသား။
ကျွန်တော် ကျောင်းပြီးသွားတော့ အလုပ်ကလေးတစ်ခုရတယ် ။ ကျွန်တော်က အမေ့ကို အနားယူစေချင်ပြီ။ ဒါပေမဲ့ အမေ လက်မခံဘူး ။ မနက်မနက် ဈေးထဲသွားပြီး ဟင်းသီးဟင်းရွက်တွေရောင်းတုံးပဲ။ ကျွန်တော်ပို့တဲ့ပိုက်ဆံတွေ ကျွန်တော့်ဆီ ပြန်ပြန်ပို့ပြီး "အမေ့ဆီ မပို့နဲ့ ငါ့သား ။ အမေ့မှာ လုံလောက်တယ် .. သားဘာသာစုထား" တဲ့ ။
အမေ .. ဆဌမမြောက်မုသားကို ပြောတယ် ။
နောက် ကျွန်တော် မာစတာဒီဂရီကို အချိန်ပိုင်းဆက်လေ့လာနေတဲ့အချိန် အတော်အတန်ကြီးတဲ့အမေရိကန်ကုမ္ပဏီတစ်ခုမှာ အလုပ်ရတယ် ။ ကျောင်းပြီးပြီးချင်း ကျွန်တော့်လစာတိုးတော့ အမေ့ကိုကျွန်တော်နဲ့ အတူ အမေရိကားမှာပဲ ပျော်ရွှင်စရာကောင်းတဲ့ဘ၀ကို ဖြတ်သန်းစေချင်တယ် ။ ဒါပေမဲ့ အမေက ကျွန်တော့်ဘ၀ကို သူ့အတွက်နဲ့ တာဝန်အပိုတွေ မရှိစေချင်ဘူး ။ အမေကပြောတယ် .."အဲ့ဒီလို ဘ၀ကြီးမှာ အမေ နေတတ်မှာ မဟုတ်ပါဘူး သားရယ် .." တဲ့ ။
အမေရဲ့ သတ္တမမြောက်မုသားစကားလေးတစ်ခွန်းပေါ့ ။
ဇရာကထောင်း၊ ပင်ပန်းမှုအပေါင်းခါးစည်းရင်ဆိုင်ခဲ့ရတဲ့ အမေ .. အရွယ်တော်တော်ကျခဲ့ပြီ ။ လောကဓံက ထပ်ရက်စက်တယ် ။ ကင်ဆာရောဂါနဲ့ ဆေးရုံတက်နေရချိန် အမေ့ရဲ့နောက်ဆုံးနေ့ရက်တွေမှာ ကျွန်တော် (ဘာဆိုဘာမှ ထည့်တွက်မနေပဲ အားလုံးကို ပစ်ထားခဲ့ပြီး) အမေ့အနားကို ပြန်လာခဲ့တယ် ။ အမေ ဝေဒနာကို အလူးအလဲ ခံစားရချိန်တွေမှာ အမေ့ကို ကြည့်ပြီး ကျွန်တော် မျက်ရည်တွေ မထိန်းနိုင်ခဲ့ဘူး ။ အမေမမြင်အောင် ဂရုစိုက်နေပေမဲ့လဲ တခါတလေ တွေ့မြင်သွားတဲ့အမေက အားတင်းကြိုးစားပြုံးပြီး ပြောတယ် .. "မငိုနဲ့ ငါ့သား .. အမေ အရမ်း နာနာကျင်ကျင်မခံစားရပါဘူး .."တဲ့ ။
အဲ့ဒီလို အဌမမြောက်မုသားကို ပြောပြီး အမေ လူ့လောကထဲက ထွက်ခွါသွားခဲ့တယ် ။
အကြွင်းမဲ့မေတ္တာတော်နဲ့ ကျွန်တော့်ဘ၀ရဲ့ မာတာမိခင်ဟာ သားသမီးများအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာအတွက် (တာဝန်ကျေပွန်စွာနဲ့) သူ့ကိုယ်သူအနစ်နာခံတဲ့ မုသားစကားလုံးလေးတွေသုံးပြီး လောကအလယ်မှာ ကျွန်တော်တို့ကို စိတ်ချလက်ချ ချန်ထားနှုတ်ဆက်သွားခဲ့ပါပြီ ။
ကျွန်တော်တို့ကရော အဲ့ဒီလို မိခင်တွေရဲ့ ရင်းနှီးပေးဆပ်ခဲ့တဲ့ ဘ၀တွေအတွက် ထိုက်ထိုက်တန်တန် ပြန်ပေးဆပ်ခဲ့ပါသလား ။ ခုချိန် ကျွန်တော့်ရင်ထဲက အမေးစကားကို အမေကြားရင် န၀မမြောက်မုသားစကားတစ်ခွန်းကို ဆိုလေဦးမလားလို့ ကျွန်တော် ၀မ်းပမ်းတနည်း တွေးနေမိတယ် ။
အမှတ်တရ
Translated by Cinderella ( Ref : Eight Lies of a Mother/www.motivateus.com/April'2010)
မနက်ဖြန် 20th December, 2010 မှာ ကျရောက်မည့် ၃၃နှစ်ပြည့်မွေးနေ့အတွက် ကျေးဇူးရှင်မိဘနှစ်ပါး၏ မေတ္တာတရားကို ရည်စူးအောက်မေ့၍ ။
(မှတ်ချက်) ဖော်ဝါ့မေးလေး တစ်ခုမှ ရရှိသော သုတလေးတစ်ခုဖြစ်ပါသည်။ အမည်မသိ ဆောင်းပါးရှင် စာရေးဆရာမလေးကို ကျေးဇူးတင်ပါသည်။
Posted by
အရှင်နာယကာလင်္ကာရ
at
12/19/2010 08:42:00 AM
Labels: ဗဟုသုတ 3 comments
Tuesday, December 7, 2010
ရှေးခေတ်မြန်မာ

ရှေးခေတ်က မြန်မာနိုင်ငံ၌ ရပ်ရွာနယ်ပယ်တိုင်းဝယ် သီလသိက္ခာနှင့်ပြည့်စုံသော ဘုန်းတော်ကြီးကျောင်းများ ရှိခဲ့ကြ၏။ ထိုဘုန်းတော်ကြီးကျောင်းများသည် နေ့စဉ်ကလေးများကို ပညာသင်ပေးတော်မူကြ၍ ယဉ်ကျေးလိမ္မာအောင်လည်း ဆုံးမတော်မူခဲ့ကြသည်။ ကျောင်းမှထွက်၍ လူရွယ်လူလတ်ပိုင်း ရောက်နေသူကိုပင် အသောက်အစားကစားမှုတို့ကြောင့် စာရိတ္တပျက်နေသည်ဟု ကြားလျင်သူ၏မိဘနှင့်အတူခေါ်ယူဆုံးမတော်မူနိုင်ကြသည်။ ထို့ကြောင့် ရှေးရှေးမင်းများ
လက်ထက်၌ မြန်မာနိုင်ငံဝယ် စာရေးစာဖတ်တတ်သူပေါများ၍ စာရိတ္တပျက်သူလည်းနည်းပါးခဲ့လေသည်။
အင်္ဂလန်နှင့်ဝေလနိုင်ငံများ၌ အကျဉ်းထောင်များ၏ မင်းကြီးဖြစ်သော မစ္စတာ ပက်တာဆင်သည် မြန်မာနိုင်ငံ၌
ရာဇ၀တ်နည်းပါးအောင် ရေးသားထားသောစာတမ်းဝယ် အောက်ပါအကြောင်းအရာများကို ထည့်သွင်း၍
ရေးသားထားလေသည်။
၁။ ကြောက်မက်ဘွယ်ကောင်းလှသော ရာဇ၀တ်ဘေးကြီးမှ မြန်မာလူမျိုးတို့အား ကာကွယ်စောင့်ရှောက်လျက်ရှိသော လက်နက်အင်အားသည် ဗုဒ္ဓဘာသာကြီးပင်ဖြစ်သည်။
၂။ ဗုဒ္ဓဘာသာတရားတော်သည် အမှားအမှန်ကို သေချာစွာ ဖော်ပြထားပေသည်။
၃။ မြန်မာလူမျိုးမှန်သမျှ ထိုတရားတော်ကြီးကို သေချာစွာ သင်ယူခဲ့ကြလေသည်။
၎။ မြန်မာလုလင်ပျိုကလေးများသည် ထိုတရားတော်ကြီးကို ငယ်ရွယ်စဉ်ကစ၍ သင်ယူခဲ့ကြသည်။
၅။ ရပ်သူရွာသားများသည် နှိုးဆော်ခြင်း ပညတ်ခြင်းမရှိပါဘဲလျက် တရားတော်ကို ကျိုးနွံရိုသေကြသည်။
၆။ အချို့ရဟန်းတော်များသည် စည်းမဲ့ကမ်းမဲ့ သွားလာနေထိုင်ကြသဖြင့် ရဟန်းတော်များ၏ သြဇာသည် ရှေးကလောက် မစူးရှတော့ ကြောင်းကိုကြားသိရသည်။
၇။ ထိုကဲ့သို့ ရဟန်းတော်များအား လူအချို့က အရိုအသေကင်းမဲ့ကြသဖြင့် ဗုဒ္ဓတရားတော်သည် မှန်ကန်သောတရား ဟုတ်ပါ၏လောဟု သံသယဖြစ်ကြသည် ရှိသော် မြန်မာလူမျိုးတို့ အတွက် အလွန်ဆိုးဝါးသော ဘေးကြီးဟု ဆိုရပေလိမ့်မည်။
၈။ ဤကမ္ဘာ၌ ဘာသားတရားသည် အားအပေါင်းတို့တွင် အကြီးဆုံးသော အားဖြစ်ပေသည်။
၉။ ယခုအချိန်အခါ၌ ဘုန်းတော်ကြီးများက စည်းလုံးညီညွတ်စွာဖြင့် ရာဇ၀တ်လွန်ကျူခြင်း၏ ဘေးအန္တရာယ်များကို ဟောပြတော်မူလျှင် ရာဇ၀တ်မှု ဖြစ်ပွားခြင်းသည် တနှစ်အတွင်း၌ ရပ်တန့်ပါလိမ့်မည်။
၁၀။ ဘာသာတရား၏ တန်ခိုးသတ္တိသည် လူအမျိုးမျိုးအပေါ်၌ အထူးကြီးပါပေ၏။ ဤမြန်မာပြည်တွင်ကား သာ၍ကြီးပါပေသည်။
ဤကား နိုင်ငံခြားသားဖြစ်သော ထောင်မင်းကြီးတယောက်၏ မြန်မာနိုင်ငံအတွက် ကောင်းသော မှန်လည်းမှန်သော ထင်မြင်ချက်တည်း။ ဤထင်မြင်ချက်နှင့်အညီ ယခုအခါ မြန်မာနိုင်ငံ၌ ပြန်၍ စာရိတ္တကောင်းအောင် ရပ်ရွာနယ်ပယ်အပေါ်၌ မေတ္တာ ကရုဏာထားသော ဘုန်းတော်ကြီးများ၏ ကျောင်းတကျောင်းကား ရပ်ရွာတိုင်းမှာ အမှန်ရှိထိုက်ပါသည်။
လိုက်နာရန် သံပေါက်လင်္ကာ
အိပ်ရာ ၀င်သော် သတိရလို့ ဗုဒ္ဓ ဓမ္မ သံဃရယ်။
ကိုကွယ်ပါတယ် စိတ်မှာ ညွတ်လို့ နှုပါ တွတ်တွတ် ရွတ်ရတယ်။
အိပ်ရာထပြန် တဖန်ထပ်၍ မှန်မှန်မပြတ် ရွတ်ပါ့ကွယ်
ဘေးအန္တရယ် ရန်စွယ်ကင်းလို့ ကောင်းခြင်း သုခ ရလိမ့်မယ်။
ဗုဒ္ဓ ကြောင်းရာ ကောင်းစွာ သိမှ ဗုဒ္ဓကိုလည်း ကြည်ညိုမည်။
ကြည်ညိုသူက ဟောညွန်ပြမှ စိတ်ကနှစ်ခြိုက် လိုက်ကြသည်။
ဂုဏ်တော်တန်တန် မှန်မှန်ရလို့ ခဏခဏ ရွတ်သင့်သည်။
အကျိုးနှင့်ကံ ဝေဘန်တတ်မှ ကံကောင်း ကံမြတ်ပြုလိမ့်မည်။
သရဏဂုံ တည်ရုံမျှဖြင့် ဥပါသက ဖြစ်ပါပြီ။
ကိုယ်ကျင့် သိက္ခာ လုံခြုံကြဘို့ ငါးပါးသီလ ပဉ္စသီ။
ဒုစရိုတ်တွေ ရှောင်သွေခွဲလို့ သုစရိုတ်လဲ စုံအညီ။
ဆွမ်းပန်း ရေတော် မီးတော်ကပ်၍ နေ့စဉ်မလပ် ပြုသင့်သည်။
သိရုံမျှနှယ် တယ်မကောင်းဘူ့၊ လူကောင်းဖြစ်ဘို့ လိုကြတယ်။
လူကောင်းဖြစ်အောင် ဆရာမြတ်သို့ မကြာကပ်လို့ မေးပါ့ကွယ်။
မေးသော် ဖြေရန် ဆရာကောင်းလဲ တရွာတကျောင်း ရှိသင့်တယ်။
တရားစစ်မှန် ကျင့်ကြံကြမှ ချမ်းသာသုခ ရနိုင်မည်။
တရားတုတွေ ကျင့်နေကြလို့ ဆင်းရဲဒုက္ခ ရောက်ရသည်။
ယခုတဖန် အမှန်လမ်းသို့ အမြန်လှမ်းဘို့ ချိန်တော်ပြီ။
သို့မှ တိုင်းပြည် ဘာသာရေးကြောင့် သာယအေးဆေး ရှိလိမ့်မည်။
(မှတ်ချက်) အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ ဗုဒ္ဓဘာသာသာ သင်ခန်းစာ (အမှတ်-၂၆-ကျမ်းစာ)မှ အားလုံးသော အမိမြေ မြန်မာပြည်သားတို့အတွက် ဆရာတော်ကြီး၏ နှလုံးသားကို ထုတ်ဖေါ်ပြသလိုက်ရပါသည်။
Posted by
အရှင်နာယကာလင်္ကာရ
at
12/07/2010 03:25:00 PM
Friday, November 19, 2010
ကျွန်တော်တို့ နေ့တိုင်းစားနေကြတဲ့ အချိုမှုန့်ခေါ် အန္တရာယ်မှုန့်အကြောင်း
ပီးခဲ့တဲ့ ရက်ပိုင်းက ပြည်တွင်းက ဂျာနယ်စာမျက်နှာတွေ၊ အင်တာနက် စာမျက်နှာတွေပေါ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) တို့ ပူးပေါင်းပြီး အကြော်လုပ်ငန်းတွေ အကြော်မျိုးစုံ ကြော်တဲ့ နေရာမှာ ရေသန့်ဘူးတွေ ဆီထဲ ထည့်ကြော်မကြော် လိုက်စစ်ပြီး ကြော်တာ စစ်ဆေးတွေ့ရှိရင် စည်ပင်သာယာဥပဒေနဲ့ရော FDA ဥပဒေနဲ့ပါ နှစ်မျိုး အရေးယူသွားမယ် လို့ ဖတ်လိုက်ရလို့ ၀မ်းသာမိပါတယ်။
ရေသန့်ဘူးတွေဟာ ဓာတုနည်းနဲ့ ပြုလုပ်ထားတဲ့ ပေါ်လီမာ ပလတ်စတစ် တွေဖြစ်လို့ ဒါတွေကို အပူချိန်မြင့်မားတဲ့ ဆီပူပူထဲမှာ ထည့်ကြော်မယ်ဆိုရင် ပလတ်စတစ်တွေထဲက Bisphenol-A (BPA) အပါအ၀င် အဆိပ်ဒြပ်ပေါင်းများစွာ ထွက်လာပြီး အကြော်တွေထဲ စိမ့်ဝင်သွားပါတယ်။ ဒါတွေကို နေ့စဉ်နဲ့အမျှ စားမယ်ဆိုရင် လူသားတွေရဲ့ အာရုံကြောစနစ် နဲ့ မျိုးပွားစွမ်းရည်ကို ဆိုးရွားစွာ ထိခိုက်နိုင်ပြီး ဆီးအိမ်ကင်ဆာ အပါအ၀င် ကင်ဆာရောဂါ အမျိုးမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။
ဒီလို အန္တရာယ် ရှိတဲ့ ရေသန့်ဘူးတွေ အကြော်စုံတွေထဲကို ဘာလို့ ထည့်ကြော်ကြရတာလဲ ဆိုတော့ အဲလိုရေသန့်ဘူး ထည့်ကြော်ထားတဲ့ အကြော်ဟာ အထူးကြွပ်မွနေပြီး အဲလို ကြွပ်ရွစားကောင်းမှုကလဲ အရမ်းကို တာရှည်ခံတယ်လို့ အကြော်လုပ်ငန်းအကူ အမျိုးသမီးတစ်ဦးက ပြောပြခဲ့ဖူးပါတယ်။ အဲဒီလို လုပ်ရပ်တွေကို အကြော်ဖိုတွေနဲ့ နှစ်ပြန်ကြော် လုပ်ငန်းအချို့က လုပ်ကိုင်နေတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ကြားသိနေရတာ ကြာပါပြီ။ ဒါကြောင့် ဒီလို ၀ိသမလောဘနဲ့ စီးပွားရှာတဲ့ လုပ်ရပ်ကို လိုက်လံစစ်ဆေးပြီး အပြစ်ပေး တားဆီးနိုင်ဖို့ လိုအပ်လှသလို ပြည်သူ့ကျန်းမာရေးကို ဦးစားပေး စောင့်ရှောက်တဲ့ အစားအသောက်နဲ့ ဆေးဝါးဆိုင်ရာ ဥပဒေတွေ ကျွန်တော်တို့နိုင်ငံမှာ အခိုင်အမာ ရှိလာပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ရေသန့်ဘူး ကိစ္စအတွက် ၀မ်းသာရပေမယ့် ကျွန်တော် နောက်ထပ် ဘ၀င်မကျဖြစ်နေလို့ တင်ပြချင်တဲ့ အချက်က အချိုမှုန့် ပါပဲ။ ကျွန်တော် သိသလောက် ကတော့ ယနေ့ကမ္ဘာပေါ်မှာ အချိုမှုန့်ကို နိုင်ငံတဲ့အ၀ှမ်း တွင်တွင်ကျယ်ကျယ် စားသုံးနေတဲ့ နိုင်ငံဆိုလို့ ကျွန်တော်တို့နိုင်ငံ တစ်နိုင်ငံတည်း ရှိမလားပဲ။ သေချာတာကတော့ အချိုမှုန့်ထုတ်ပြီး ကျွန်တော်တို့နိုင်ငံကို တင်သွင်းနေတဲ့ နိုင်ငံတွေကတော့ အချိုမှုန့် လုံးဝမစားကြဘူးဆိုတဲ့ အချက်ပါပဲ။ ဒီလို ဘေးအန္တရာယ် ရှိတယ်လို့ နိုင်ငံတော်က ကြေငြာထားပေမယ့် အချိုမှုန့်အရသာကို ပြည်သူတွေ စွဲနေလို့ ဆက်သုံးနေကြတာ မဖြစ်သင့်တော့ပါဘူး။ ဖြတ်သင့်ပါပြီ။
အဆိုးဆုံးကတော့ သူ့အရသာနဲ့သူ ဆိမ့်မွှေးကြွပ်ရွနေတဲ့ မြန်မာ့ရိုးရာ နှစ်ပြန်ကြော်များထဲမှာ အချိုမှုန့်တွေ အတုံးလိုက်အခဲလိုက် ထည့်နေတဲ့ ကိစ္စပါပဲ။ ပြည်သူတွေဘက်က တောင်းဆိုတာလည်း မဟုတ်ဘဲနဲ့၊ အဲဒီလောက်လဲ ထည့်စရာ မလိုဘဲနဲ့ကို ကိုယ့်အကြော်စုံ အရောင်းသွက်ရေး အတွက် ပြည်သူတွေ အချိုမှုန့်အန္တရာယ် များများတွေ့ပစေ ဆိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ (တချို့ဆို အချိုမှုန့်နဲ့ မဆိုင်တဲ့ လက်ဖက်ရည်၊ ပူတင်း၊ ရွှေကြည် စတဲ့ စားစရာတွေမှာပါ ထည့်နေကြတာ အသိဥာဏ် မဲ့ရာ ရောက်ပါတယ်)
အချိုမှုန့် ဆိုတာ ဘာလဲ။
ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။
အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား
ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။
အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ
(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။
(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အ၀လွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ် စတဲ့ အဖော်အပေါင်းတွေပါ ပါလာပါလိမ့်မယ်။
(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဥာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားတဲ့ ကလေးတွေမှာ ဥာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။
(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအ၀င် ဖြစ်ပါတယ်။
(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစားတဲ့ အကျင့် ရှိကာ အ၀လွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။
(ဒါဟာ အချိုမှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/လူမှုရေး ၀န်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ ၀ယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)
(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။
(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအ၀င် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။
(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။
အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ
(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။
(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။
(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။
(၄) ရယ်ဒီမိတ် စားစရာတွေ ၀ယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။
(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။
(မှတ်ချတ်) ဤကျန်းမာရေး အသိပညာပေးဆောင်းပါးကို MMdailynews မှကူးယူဖေါ်ပြလိုက်ပါသည်။ မူရင်းနေရာဌာနသို့လည်း သွားရောက် ဖတ်ရှုနိုင်ပါသည်။ အားလုံး ကျန်းမာရေးနှင့် ပြည့်စုံကြပါစေ။ ဆောင်းပါးရှင် ဒေါက်တာသီဟသစ်ကို ကျေးဇူးအများကြီးတင်ပါသည်။ မြန်မာ့နေ့စဉ်သတင်းအဖွဲ့သားအာလုံးကိုလည်း မေတ္တာပို့လျက်ပါ။
Posted by
အရှင်နာယကာလင်္ကာရ
at
11/19/2010 04:12:00 PM
Labels: ကျန်းမာရေး ဗဟုသုတ 1 comments
Thursday, November 18, 2010
ဒို့မေဘာသာ ဒို့မေစာ ဋီကာအဖွင့်

ပဋိသန္ဓေ အသစ်။ ။ ဆရာ့အထံ၌ သားငယ်ကို အပ်နှံခြင်းသည် ဘ၀သစ်၌ ပဋိသန္ဓေအသစ် ယူစေခြင်းနှင့်တူ၏။ လူ့ဘ၀၌ ပဋိသန္ဓေနေသူသည် မိမိဖြစ်ရာ အမျိုး၏ ရိုးရာလိုက်၍ စာသောက်နေထိုင် ကျင့်ကြံလေ့ရှိသကဲ့သို့ ဆရာကောင်းထံ၌ အပ်နှံမိယင် ဆရာကောင်း၏ အတုလိုက်၍ ဆရာ မကောင်းထံအပ်နှံမိယင်လည်း ထိုဆရာ မကောင်း၏ ထုံးစံကိုသာ လိုက်မိတော့သည်။ ထို့ကြောင့် ကျနစွာ သင်ပြမပေးတတ်သော ဆရာအထံ၌ နေမိခြင်းသည် အမျိုးညံ့မှာ ပဋိသန္ဓေနေမိခြင်းနှင့် တူ၏။ ကျနစွာ သင်ပြပေးတတ်သော ဆရာအထံ၌ နေမိခြင်းကား အမျိုးကောင်းမိဘထံမှာ ပဋိသန္ဓေ နေမိခြင်းနှင့် တူသည်။
အဋ္ဌကထာ။ ။ ပဗ္ဗဇ္ဇာ ဟိ နာမေသ ပဋိသန္ဓိဂ္ဂဟဏသဒိသာ။ ယထာ မနုဿာ ယတ္ထ ပဋိသန္ဓိံ ဂဏှန္တိ၊ တေသံ ယေ၀ ကုလာနံ အာစာရံ သိက္ခန္တိ။ ဧ၀ံ ဘိက္ခူပိ (သာမဏေရာပိ) ယေသံ သန္တိကေ ပဗ္ဗဇန္တိ၊ တေသံ ယေ၀ အာစာရံ ဂဏှန္တိ။
(သဠာယတနသံယုတ်၊ အာသီဝိသ၀ဂ္ဂ စတုတ္ထသုတ်)
တင်ပြစရာ အဖြာဖြာ။ ။ ဤနေရာဝယ် ကမ္ဘာပတ်ဝန်းကျင်နှင့် ပြည်တွင်းမငြိမ်မသက် ဖြစ်နေမှုများကို အရေးကြီးသော်လည်း "မိုးပြို အများနှင့်" ဖြစ်ရမည့် ကိစ္စဖြစ်၍ မစိစစ်လိုပါ။ သာသနာတော်နှင့် သက်ဆိုင်သော လက်ရှိအခြေမှန်ကိုသာ ဝေဘန်တင်ပြ လိုပါသည်။
(၁) များစွာသော ကျေးရွာနယ်ပယ်တို့၌ သီးတင်းသုံးနေတော်မူကြသော ဘုန်းတော်ကြီးများ၏ သြဇာအာဏာသည် မြန်မာဘုရင်များ၏ လက်ထက်ကို မဆိုထားဘိ အင်္ဂလိပ်စိုးခိုက်ဖြစ်သော အနှစ်လေးဆယ်ကျော်လောက် အချိန်က ရရှိနေသလောက်မျှ အရှိန်အ၀ါမရှိ၊ သိသိသာသာကြီး ဆုတ်ယုတ်နေလေပြီ၊ ဤအချက်၌ ရှေးလက်ထက်က သြဇာရှိ၍ ယခု ဘာကြောင့် မရှိရသလဲဟု လေးလေးနက်နက် စဉ်းစားရပေမည်။
(၂) ရှေးအခါက ကျောင်းထိုင်ဘုန်းတော်ကြီးများသည် အနေအထိုင်အားဖြင် ရပ်ရွာသူ ရပ်ရွာသားလူအများတို့ လေးစားကျေနပ် လောက်အောင် ဣနြေ္ဒသိက္ခာကို ဆောင်တော်မူနိုင်ကြပေသည်။ ယခုသော်ကား အများအားဖြင့် ထိုသို့လေးစား ကျေနပ်လောက်ပါ သေးသလော။
(၃) ရှေးက ဘုန်းတော်ကြီးများသည် ရပ်သူ ရွာသားကလေးများကို ယဉ်ကျေးလိမ္မာအောင် ဆုံးမ၍ အတက်ပညာကိုလည်း (လုံးလုံးအခမဲ့ တကဲ့မေတ္တာ စေတနာဖြင့်) သင်ပေးတော်မူကြ၏။ ယခုအခါ၌ကား ဘုန်းတော်ကြီးများ၏ ကျောင်း၌ စာသင်ယူမည့် ကလေးများပင် ရှားပါး၍ နေတော့သည်။
(၄) ဘုန်းတော်ကြီးကျောင်း၌ စာသင်ယူမည့် ကလေးသူငယ်များ ရှားပါးခြင်း၏ အကြောင်းမှာလည်း ဘုန်းတော်ကြီးများက သင်မပေးလိုကြ၍ မဟုတ်။ "ဘုန်းတော်ကြီးကျောင်းမှ ထွက်လာသော ကလေးများသည် များသောအားဖြင့် အောက်ကျနောက်ကျ ရှိကြ၏"ဟု ယူဆ၍ ဘုန်းကြီးကျောင်းထွက် မိဘများကိုယ်တိုင်က မိမိသားကို မထားလိုကြတော့ခြင်းကြောင့် ဖြစ်ဟန်တူလေသည်။ (၀မ်းနည်ဘွယ်ကောင်းလေစွ)။
(၅) တစ်ဖန် မြို့ကြီးငယ် အသွယ်သွယ်ရှိ ဘုန်းတော်ကြီးများ၏ သြဇာအာဏာကို စဉ်းစားကြည့်ကြပါစို့၊ အနည်းငယ်သော ဆရာတော်များမှ တစ်ပါး အများအပြားအားဖြင့် ဘုန်းတော်ကြီးတို့မှာ သြဇာအာဏာများကို မဆိုထားဘိ လူကြီးလူကောင်းဆိုသူ များ၏ လေးစားရိုသေခြင်းမျှကို ခံရဖို့ ခဲယဉ်းလေတော့သည်။ ထိုသို့ဖြစ်ရာ၌ အကြေားကား အသို့ပါနည်း..
(က) ယခုအချိန်မှာ အထက်တန်းစားဟု ဆိုသော ကုန်သည်များနှင့် အစိုးရအမှုထမ်းတို့သည် များသောအားဖြင့် ဘုန်းကြီးကျောင်း ထွက်များ မဟုတ်ကြချေ။ တချို့ကမူ ဘာသာခြားစာသင်ကျောင်းထွက်လည်း ဖြစ်ကြလေသေး၏။
(ခ) ထိုဘာသာခြား စာသင်ကျောင်းထွက်များသည် ငယ်စဉ်ကပင် ဗုဒ္ဓဘာသာတရားဓမ္မ လုပ်ငန်းကိစ္စဟူသမျှနှင့် မျက်နှာစိမ်း ခဲ့ကြခြင်း သူတို့ဆရာကြီးများ၏ မေတ္တာ ကရုဏာကိုခံယူခဲ့ရခြင်းတို့ကြောင့် ကြီးရင့်သောအခါ ဗုဒ္ဓဘာသာကို မစွန့်သော်လည်း ဗုဒ္ဓဘာာသာဝင် အရှင်ကောင်း အရှင်မြတ်များကို ဆည်းကပ်မိဖို့မှာ လွန်စွာပင် ခဲယဉ်းတော့သည်။ ကြုံကြိုက်သော သာမန် ဘုန်းကြီးကျောင်းများကိုသာ ကိုးကွယ်ဆည်းကပ်ရသည့်အတွက် ဗုဒ္ဓဘာသာအပေါ်မှာ လေးနက်သော စိတ်ကို မထားတတ်ကြ တော့ချေ။
(ဂ) ယခုလွတ်လပ်ပြီးသော ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ကား ထိုဘာသာခြားစာပေကို သာ၍ပင်အားကျပါးကျ သင်ယူနေကြပါသေးသည်။ ပစ္စည်းဥစ္စာ အထက်တန်းကျလေ ဘာသာခြားကျောင်း၌ အထားများလေလေဖြစ်၏။ လက်ရှိအခြေအနေကို စဉ်းစားရလျှင် နိုင်ငံတော်အစိုးရ အဆက်ဆက်သည် ထိုဘာသာခြား ပညာတတ်တွေသာ ဖြစ်ဖွယ်ရှိနေပေသည်။ (သို့ဖြစ်၍ ဘာသာခြား စာပေကို သင်သည့်အတွက် အပြစ်မဆိုသာ အများဆုံးနှင့် အမြန်ဆုံး တတ်မြောက်နိုင်သော နည်းလမ်းကိုသာ အသီးသီး ရှာဖွေရပေမည်)။
(၃) တစ်ဖန် မိမိတို့ဘက်သို့ လှည့်၍ ကြည့်ပြန်သော် အထိုက်အလျောက် ကြည်ညိုခံရသော ဆရာတော်များလည်း သက်တော်ရွယ်တော် ရင့်ညောင်း၍ ဘ၀ပြောင်းဖို့အရေးနှင့် ဝေးကောင်းမှ ဝေးကြပေတော့မည်။ ဤအတိုင်းသွားခဲ့ပါသော် ကျေးလက်ရော မြို့ပါ သာသာနအရေး စိတ်လေးစရာပင် ဖြစ်နေပါတော့သည်။
(၄) တစ်ဆင့် စဉ်းစားဖွယ်ရှိသေး၏။ ဤသာသနာတော် အချိန်မှေးမှိန်သော်လည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်ကား တိုးတက်မည်သာ ဖြစ်ပါမူ သာသနာတော်၏ ကံကြမ္မာကို သာသနာ့ဝန်ထမ်း ရဟန်းတော်တို့သာ ခံကြဖို့ပင် ဖြစ်ပါပေသည်။ သို့သော် လက်တွေ့အားဖြင့် ထိုသို့ဟုတ်နိုင်မည်မထင်ပါ။ အနော်ရထာမင်းစောလက်ထက်မှ စ၍အရာအရာယဉ်ကျေးမှု တိုးတက် ခြင်းသည် သာသနာတော်ကြောင်းဖြစ်ရကား သာသနာတော် မှေးမှိန်လျှင် တိုင်ပြည်လည်း ကိုယ်ကျင့်တရားမှစ၍ သေးသိမ်ဖို့ လမ်းကသာများနေပါသည်။ သို့ဖြစ်လျှင် သာသနာရေးနှင့် တိုင်းပြည်အရေးကို သွေးခွဲသင့်ပါဦးမည်လော။
(၅) "သာသနာတော်၏ အရှိအ၀ါ သြဇာအာဏာ ဆုတ်ယုတ်ခြင်းသည် နိုင်ငံတော် ဆုတ်ယုတ်ကြောင်းပင်" ဖြစ်ပါသည် ဟူသော ၀ါဒကိုလက်ခံနိုင်ကြပါမူ သာသနာတော်ဆုတ်ယုတ်ခြင်း၏ အကြေားများကို ဖယ်ရှားဖို့ ရဟန်းတော်များ၏ ကိုယ်ကျင့် သိက္ခာများကို ရှေးစနစ်အတိုင်း ဖြစ်နိုင်သမျှဖြစ်အောင် ကြိုးစားသင့်ပါ သည်။ ၀ိနည်းတော်နှင့် မဆန့်ကျင်သော သိပ္ပ ၀ိဇ္ဇဟူသမျှ ကိုလည်း ရဟန်းတော်များ ကိုယ်တိုင်ငွေကြေးအထောက်အပံ့မယူဘဲ ရှေးမူအတိုင်း သင်ပေးနိုင်အောင် အချိန်ရှိခိုက် လုံ့လစိုက်သင့် ပါသည်။ (ဤကိစ္စ၌ နည်းအမျိုးမျိုးရှိသောကြောင့် အသေးစိတ် မပြလိုတော့ပါ)။
(၆) ထိုအတိုင်း ကြိုးစားသောအားဖြင့် (ယောက်ျားကလေးများကို ဘုန်းတော်ကြီးများက သင်ပြ၍ မိန်းကလေးများကို သီလရှင် ဆရာများက သင်ပြပေးနိုင်ပါမူ) ဤမြန်မာနိုင်ငံသည် အဘယ့်ကြောင့် ငြိမ်ငြိမ်သက်သက်နှင့် မတိုးတက်ဘဲ ရှိအံ့နည်း။ သာသနာအရှိအ၀ါသည် အဘယ်မှာလျှင် ဤနိုင်ငံတော်နှင့် ကွဲကွာနိုင်ပါတော့နည်း။
(၇) ဤသို့ နိုင်ငံတော်နှင့် သာသနာတော်တိုးတက်ရာ တိုးတက်ကြောင်းများတွင် ရဟန်းတော်များ၏ ကိုယ်ကျင့်သိက္ခာတည်တံ့ ခိုင်မြဲရေးလည်း အပါအ၀င်ဖြစ်သောကြောင့် ရှေးဆရာတော်ကြီးများသည် သာမဏေကိုရင်ဖြစ်သည်မှ စ၍ကျင့်ကြရမည့် သိက္ခာစုကို ရှင်ကျင့်ဝတ်ဟု အမည်သမုတ်၍ ဖော်ထုတ်ညွှန်ပြတော်မူခဲ့ကြပေသည်။
(မှတ်ချက်) အမရပူရမြို့ ဆရာတော်ဘုရားကြီး၏ ရုပ်ပုံရှင်ကျင့်ဝတ် ကျမ်းစာအုပ်မှ ဆရာတော်၏ သာသနာနှင့် နိုင်ငံတော်ပေါ် ထားရှိသော နှလုံးသားကို သိရှိနိုင်ရန် ကူးယူ ဖေါ်ထုတ်ပေးခြင်းဖြစ်ပါသည်။)
Posted by
အရှင်နာယကာလင်္ကာရ
at
11/18/2010 08:57:00 PM
Wednesday, November 17, 2010
ဒို့မေဘာသာ ဒို့မေစာကို

ဒို့မြေဌာနီ ရှေးခါစီဝယ်၊ မထေရ်အပေါင်း စံရာကျောင်းမှ
ငြိမ်းငြောင်းသာယာ မိန့်အာဏာကို၊ ရပ်ရွာလူများ လွန်လေးစားခဲ့၊
ခုကားသို့နှယ် မဟုတ်ကွယ်၍ နယ်ပယ်ပွားစီး သားသမီးတို့၊
ဘုန်းကြီးကျောင်းတွင် စာမသင်တော့။
ထို့ပြင် မြို့နေ ကလေးတွေက၊ ဒို့မေဘာသာ ဒို့မေစာကို
သင်ရာကောင်းမျှ မထင်ကြဘဲ ပြင်ကလာပေး စာပထွေးကို
အလေးဂရု အရေးပြု၏။
ယခုလိုသာ နှစ်ပေါင်းကြာလျှင်၊ မြန်မာပြည်ဖွား တိုင်းရင်းသားတို့
ဘုရားကိုစွန့် တရားစွန့်၍၊ စွန့်လိမ်မှန်စွာ မြတ်သံဃာတည်း။
ထိုအခါလူများ ကိုယ်ကျင့်အားဖြင့်၊ တရားမပါ အမှားစာကြောင့်၊
များစွာ ခုထက် တိုး၍ပျက်လိမ့်။
သို့တွက်များပြား ဘုန်းဘုရားတို့၊ တရားကိုယ်ကျင့် လုံအောင်ကျင့်၍၊
မလင့်စေရ ကိုယ်ဒေသ၌ သိပ္ပ ၀ိဇ္ဖာ ပြသင့်ရာကို၊ ကောင်းစွာပိုင်ပိုင် ပြသနိုင်မှ
ဘုန်းလှိုင် ဟောပြ သြ၀ါဒကို၊ စိတ်ကကြည်ဖြူ လိုက်နာယူ၍၊
ကိုယ်မှု နှုတ်ပြောင်း၊ စိတ်လည်း ကောင်းလိမ့်။
အကောင်း မကောင်း အကြောင်းကြောင်းကို၊ သောင်းပြောင်း ကုန်စင် အစုံမြင်၍၊
ထေရ်ရှင် ရှေ့သွား၊ ဘုန်းအများ၏ တရားစဉ်နှင့် အဆင့်သင့်သား၊
ရှင်ကျင့်ဝတ်ခေါ် ရှေးစာတော်ကို၊ ခေတ်ပေါ် လှစ်ဆင့်၊ စုံအောင်ဖွင့်သည် ........
မျိုးနှင့် သာသနာ တည်ကြောင်းတည်း။
(အမရပူရမြို့၊ မဟာဂန္ဓာရုံဆရာတော်ကြီး)
မှတ်ချတ်။ ။ ဆရာတော်ကြီး၏ အမှတ်(၁၁)ကျမ်းစာ ရုပ်ပုံရှင်ကျင့်ဝတ်စာအုပ်၏ နောက်ဆုံးနိဂုံးချုပ်လင်္ကာကို
အများသူငှာ နာယူမှတ်သား အသိပွားဖို့ ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။
Posted by
အရှင်နာယကာလင်္ကာရ
at
11/17/2010 10:27:00 PM
Saturday, November 13, 2010
ခန္တီ မေတ္တာ ပိုင်ရှင်

Burma Project USA ကို တည်ထောင်သူ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေးကျွမ်းကျင်သူနှင့် မြန်မာနိုင်ငံတွင် (များသောအားဖြင့်) ရဟန်းဘ၀ဖြင့် ( ၈ )နှစ်တာ နေထိုင်ခဲ့ဖူးသည့် မစ္စတာ အလန် ကလီးမင့်ထ်စ်က ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဖြစ်ခဲ့သည်များကို Comversation with Aung San Su Kyi ခေါင်းစဉ်ဖြင့် Shambhala Sun, September 1997 တွင် ရေးသားဖော်ပြခဲ့ပါသည်။ ထင်ရှားသည့် မြန်မာအမျိုးသမီးကြီးတစ်ဦး၏ ဗုဒ္ဓဘာသာအမြင်များကို သိရှိနိုင်စေရန် မိတ်ဆက်ဖော်ပြလိုက်ပါသည်။
အလန်ကလီးမင့်ထ်စ် “ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးနှစ်ရပ်လုံးအတွက် ကျွန်တော်ပို့ ချနေခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျွန်တော်နဲ့ တွေ့သမျှလူတွေအားလုံးက ခင်ဗျားကို သူရဲကောင်းဆိုတဲ့ ဝေါဟာရတွေနဲ့ တံဆိပ်တပ်ချင်နေကြတယ်ဗျ၊ ခင်ဗျားနဲ့ အင်တာဗျူးတဲ့ Vanity Fair ကတော့ ခင်ဗျားကို “မြန်မာ့စိန့်ဂျုန်း” လို့တောင် မျက်နှာဖုံးကမ္ဗည်းထိုးထားပါပကော။”
ဒေါ်အောင်ဆန်းစုကြည် “ဘုရား ဘုရား၊ ကျွန်မ အဲလိုမမျှော်လင့်ရပါလားရှင်။”
အလန်ကလီးမင့်ထ်စ် “တိတိကျကျဗုဒ္ဓဘာသာဝေါဟာရနဲ့ ပြောရင်တော့ ခင်ဗျားဟာ ဗုဒ္ဓဘုရားအဖြစ် ရောက်ရှိဖို့အတွက် အခြားသူတွေ လွတ်မြောက်မှုရရှိကြပါစေ ဆိုတဲ့ စေတနာဆန္ဒတွေနဲ့ ပညာပါရမီ၊ ကရုဏာပါရမီ၊ မေတ္တာပါရမီတွေကို ဖြည့်ဆည်းအားထုတ်နေတဲ့ ဘုရားအလောင်း မဟာဣတ္ထိယ တစ်ယောက်လို့တောင် ရည်ညွှန်းပြောဆိုနေကြတာ ကြားရတယ်ဗျ။”
ဒေါ်အောင်ဆန်းစုကြည် “အိုး ကျွန်မကတော့ ဘုရားပဲ တနေမိတော့တာပါပဲ။ ကျွန်မက အဲဒီအဆင့်နဲ့ အလှမ်း ဝေးလွန်းပါတယ်ရှင်။ လူတွေက ကျွန်မကို အဲလိုမျိုးတစ်စုံတစ်ယောက် ဖြစ်နိုင်တယ်လို့ ထင်နေကြတာကို အံ့သြလို့ မဆုံးအောင်ပါပဲ။
ကျွန်မကသာ အဲဒီလိုမြင့်မားတဲ့စွမ်းရည်မျိုးရှိနိုင်ပြီလို့ ထင်မိတဲ့အချိန် တစ်နေ့နေ့မှာတော့ ဗောဓိသတ္တ (ဘုရားလောင်း) တစ်ဆူတော့ ကျွန်မ ဖြစ်ချင်ပါရဲ့ရှင်။ တကယ်တော့ ကျွန်မက မိမိကိုယ်ကိုယ်မိမိ တိုးတက်အောင် ဆောင်ရွက်ကြိုးပမ်းနေကြတဲ့ လူတွေထဲက လူတစ်ယောက်လို့တော့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဗောဓိသတ္တဖြစ်ရေး အဓိဋ္ဌာန်ပြုဖို့ (ဘုရားဆုပန်ဖို့) သင်လျော်တဲ့ လူလို့တော့ ကျွန်မကိုယ် ကျွန်မ မတွေးမိ မထင်မိ၊ မပြုလုပ်မိသေးပါဘူး။
ကျွန်မက ကောင်းအောင် လုပ်ဖို့ပဲ အားစိုက်ကြိုးစားဖြစ်ပါတယ်။(ရယ်လျက်) ဒါကလည်း ကျွန်မအမေက ကျွန်မကို ပြုစုပျိုးထောင်ခဲ့တဲ့ နည်းလမ်းပါပဲလေ။ ပြောရရင်တော့ ကောင်းမှုရဲ့ ကောင်းကျိုးကို ကျွန်မအမေက အလေးထားခဲ့တာကိုး။ အချိန်တိုင်း ကောင်းအောင်နေနိုင်တယ်လို့တော့ ကျွန်မမပြောလိုပါဘူး၊ ဒါပေမယ့် တတ်နိုင်သလောက်တော့ ကျွန်မကြိုးစားဖြစ်ပါတယ်။
ကျွန်မက စိတ်တိုတတ်တယ်ရှင့်။ ဒါပေမယ့် အခု အရင်လောက်စိတ်မတိုတော့ဘူးလို့ ပြောရမယ်။ ၀ိပဿနာက အများကြီး အထောက်အကူပြုတယ်လေ။ ဒါပေမယ့် တစ်စုံတစ်ယောက်ဟာ သူတော်ယောင်တစ်ယောက်၊ သီလကြောင်တစ်ယောက်လို့ ထင်မိတဲ့အချိန်မှာတော့ ကျွန်မစိတ်တိုမိတုန်းဆိုတာ ကျွန်မ၀န်ခံပါတယ်။
မသိနားမလည်တာ၊ ရိုးရိုးသားသားမှားမိတာလေးတွေကို ကျွန်မက နားလည်ပေးနိုင်ပေမယ့် သီလကြောင် သဘောမျိုးကိုတော့ ကျွန်မ နည်းနည်းလေးမှ သည်းမခံနိုင်ဘူး။ ဒီတော့ ကျွန်မ သတိပဋ္ဌာန် တရားပွားများမှ ဖြစ်မယ်လေ။ ကျွန်မ စိတ်တိုနေပြီဆိုရင် “အော် ငါစိတ်တိုနေပါလား ”လို့ သိနေရမယ်။ ကွန်မကတော့ စိတ်တို နေတဲ့ ကျွန်မကိုယ်ကို ရှုမှတ်လိုက်တာပါပဲ။ ပြီးတော့ “ငါစိတ်တိုနေတယ် ငါစိတ်တိုနေတယ်” လို့ ကျွန်မဘာသာ ကျွန်မ ရွတ်ဆိုဖြစ်တယ်၊ အဲဒီလို ကျွန်မရဲ့ ဒေါသကို ကျွန်မထိန်းချုပ်ပါတယ်။ ဒီလိုမျိုး ဒေါသကို ဆက်မပွားအောင် ထိန်းချုပ်ပါတယ်။
အလန်ကလီးမင့်ထ် လွန်ခဲ့တဲ့နှစ်တော်တော်ကြာက ဘုရားဆုပန်ထားတယ် ဆိုတဲ့ မြန်မာနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဦးနုကို အင်တာဗျူးခဲ့တယ်ဗျ၊ သူ့ကို ကျွန်တော်က “ တပ်မတော်ကို ထိန်းချုပ် အမိန့်ပေးခွင့်ရှိတဲ့ ၀န်ကြီးချုပ်တစ်ယောက်အနေနဲ့ ဗောဓိသတ္တအဖြစ် ဘုရားဆုပန်ထားတာ ဘယ်လိုမျိုးဖြစ်လေမလဲ ” လို့ မေးတော့ ဦးနုက (ကျွန်တော်အမှတ်မမှားဘူးဆိုရင်) “ အဲဒါဟာ ၀န်ထုပ်ဝန်ပိုးကြီးတစ်ခု၊ အမြဲတမ်း သီလပိုင်းဆိုင်ရာ အကြပ်အတည်းကြီး တစ်ခုလောက်နီးနီးပဲ”လို့ ဖြေခဲ့တယ်ဗျ။ သူပြောတာက ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အသုံးပြုဖို့ တာဝန်ရှိနေတဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်နေတာဟာ သဟဇာတမဖြစ်လှဘူးတဲ့ဗျ။ ခင်ဗျားအနေနဲ့ရော အဲဒီလို အကြပ်အတည်းမျိုး ခံစားရပါသလား။
ဒေါ်အောင်ဆန်းစုကြည် မခံစားရပါဘူး၊ ကျွန်မအနေနဲ့ အကြပ်အတည်းမမြင်ပါဘူး၊ ကျွန်မက ဘုရားဆုပန်နိုင်တဲ့ အနေအထားမျိုးမှာ ရှိနေတယ်လို့ မထင်ဘူးလေ။ ကျွန်မရဲ့ ပထမရည်သန်ချက်က လောကရေးရာများမှာ ဗုဒ္ဓအရှင်ရဲ့ ဥပဒေသတွေအတိုင်း လိုက်နာကျင့်သုံးဖို့ပါပဲ။ တကယ်လည်း ကျွန်မ တရားအားထုတ်ဖြစ်ပါတယ်။ ဒါကလည်း ကျွန်မတို့ လူသားအားလုံးမှာ မျက်ကွယ်ပြုလို့မရတဲ့ ဘာသာရေးအတိုင်းအတာ တစ်ခုတော့ ရှိရမယ်လို့ ကျွန်မကိုယ်တိုင်က ယုံကြည်နေလို့ပါ။ ပြောရရင်တော့ အသက်အရွယ်ထောက်လာတဲ့ နောက်ပိုင်း အချိန်တွေမှာ ဘာသာရေးထဲမှာ နှစ်ပြီး အားထုတ်ရမယ့် သာမန်ဗုဒ္ဓဘာသာတစ်ယောက်အဖြစ် ကျွန်မကိုယ်ကျွန်မ စဉ်းစားထားပါတယ်။
အလန်ကလီးမင့်ထ် ခင်ဗျားရဲ့ ဘ၀ကို နောက်ကြောင်း ပြန်လိုက်ရင် ခင်ဗျားရဲ့ ပုဂ္ဂလိကတိုးတက်မှုအပေါ်မှာ ထူးခြားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်လာစေတဲ့ အလွန်အရေးကြီးတဲ့ အတွေ့အကြုံတွေ၊ ပုဂ္ဂိုလ်ရေး သင်ခန်းစာတွေက ဘာတွေများဖြစ်မလဲ။
ဒေါ်အောင်ဆန်းစုကြည် ရိုးရိုးလေးပါပဲ။ ဘ၀မှာ ကျွန်မဘာလေ့လာပြီးပြီလဲဆိုတော့ “အကြီးမားဆုံးဆင်းရဲမှုကို ပေးတာဟာ မိမိတို့ကိုယ်တိုင်ရဲ့ မှားယွင်းတဲ့ အပြုအမူပဲ” ဆိုတာပါ။ တစ်ခြားလူက လုပ်လို့မရပါဘူး။ ဒါကလည်း ကျွန်မကြီးပြင်းလာရတဲ့ ဘ၀အခြေအနေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်မအမေက ကျွန်မကို “အမှားလုပ်တာဟာ ဘာကောင်းကျိုးမှ မပေးဘူး ” ဆိုတဲ့ ဥပဒေသကိုပဲ ကျွန်မကို သွန်သင်ပေးခဲ့တာပါ။
ကျွန်မကိုယ်တိုင်ရဲ့ အတွေ့အကြုံအရလည်း အဲဒီအတိုင်းပဲ အမှန်ဖြစ်ခဲ့ပါတယ်။ “အခြားလူတွေက ရှင့်ကို ဆိုးကျိုးဖြစ်အောင် လုပ်လို့မရဘူး ” ဆိုတဲ့ အပြုသဘောဆောင်တဲ့ အမြင်မျိုး ရှင့်မှာ ရှိမယ်ဆိုရင်တော့ သူတို့က ရှင့်ကို ခြိမ်းခြောက်လို့လည်း မရဘူးပေါ့။ ရှင့်အနေနဲ့ အခြားလူတွေအပေါ်မှာ မေတ္တာတရား မထားတော့ဘူးဆိုရင် ရှင်လည်း ချမ်းသားမယ်လို့တော့ မထင်ပါဘူးရှင်။
အလန်ကလီမင့်ထ် ခင်ဗျားကိုယ်ခင်ဗျား ဘယ်လိုလူစားမျိုးလို့ သတ်မှတ်မလဲ
ဒေါ်အောင်ဆန်းစုကြည် အင်း တစ်ခါတစ်ရံမှာ တစ်ခြားလူတွေက ကျွန်မကို မြင်တာနဲ့ ကျွန်မကိုယ်ကျွန်မမြင်တာ မတူတတ်ဘူးရှင့်။ ဆိုကြပါစို့ ကျွန်မကို သတ္တိကောင်းလိုက်တာလို့ ပြောကြတဲ့ကိစ္စလေ၊ ကျွန်မကိုယ်ကျွန်မ “သတ္တိကောင်းကြီး”လို့ တစ်ခါမှ မတွေးမိပါဘူး (---------) ကျွန်မကိုယ်ကျွန်မ ထူးခြားတဲ့ပုဂ္ဂိုလ်အဖြစ်လည်း မမြင်မိပါဘူး၊ ကျွန်မကိုယ် ကျွန်မမြင်မိတာကတော့ ကြိုးစားနေသူတစ်ယောက်အဖြစ်ပါ။ ကျွန်မ ဘယ်တော့မှ အရှုံးမပေးပါဘူး။ ကျွန်မက “အရှုံးမပေးဘူး ” လို့ ပြောတဲ့အခါ ဒီမိုကရေစီရေးအတွက် အလျှော့မပေးဘူး လို့ ပြောနေတာမျိုး မဟုတ်ပါဘူး၊ အဓိကအခြေခံအားဖြင့် ကျွန်မဟာ ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားတဲ့ နေရာမှာ အရှုံးမပေးဘူး လို့ ဆိုလိုတာ ဖြစ်ပါတယ်။
အလန်ကလီမင့်ထ် ဆိုတော့ စိတ်ဓါတ်ကြံ့ခိုင်မှု သို့မဟုတ် ပါရမီအဓိဋ္ဌာန်တရားလို့ ပြောရမယ့် ဒီအဇ္ဈတ္တမောင်းနှင်အားကပဲ ခင်ဗျားကို ဘာဆိုတာ သတ်မှတ်ကြမှာပေါ့။
ဒေါ်အောင်ဆန်းစုကြည် ဟုတ်ပါတယ်။ လူတွေကတော့ ကျွန်မရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး အများကြီးပြောနေကြတာပါပဲ။ ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ စိတ်ဓါတ်ကြံ့ခိုင်သူကြီးရယ်လို့လည်း မထင်မိပါဘူး၊ ကျွန်မဟာ “ကြိုးစားနေသူတစ်ယောက်”လို့ပဲ ထင်ပါတယ်ရှင်။
အလန်ကလီးမင့်ထ် ဗုဒ္ဓ၀ိပဿနာတရားက ခင်ဗျားအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိသလဲဗျ။
ဒေါ်အောင်ဆန်းစုကြည် စိတ်ပျိုးထောင်မှုပုံစံတစ်မျိုးပါပဲ။ စိတ်ပိုင်းဆိုင်ရာ ပညာရေးနဲ့ ဖြူစင်ရေးလမ်စဉ်တစ်ခုပါ။ အခြေခံအားဖြင့်တော့ သတိလေ့ကျင့်မှုပါပဲ။ ရှင်ဘာလုပ်နေတယ်ဆိုတာ သတိရှိရှိ သိနေရင် ရှင့်အနေနဲ့ မစင်ကြယ်တာတွေကို ရှောင်ကြဉ်နိုင်တာပေါ့။
အလန်ကလီမင့်ထ် နေ့စဉ် ကျင့်ဝတ်တစ်ခုအဖြစ် တရားထိုင်ဖြစ်အောင် ဘယ်အရာက ခင်ဗျားကို တွန်းအားပေးသလဲဗျ။
ဒေါ်အောင်ဆန်းစုကြည် ကျွန်မ တရားထိုင်ဖြစ်တဲ့ အဓိက အကြောင်းကတော “ကျွန်မလုပ်သင့်တယ်လို့ ထင်တာကို ( မမြဲမှု အနိစ္စသဘောကို ကိုယ်တိုင်ကိုယ်ကျ နားလည်ဖို့ သတိပဋ္ဌာန်ပွားများမှုလိုမျိုး ) လုပ်နေတယ် ” လို့ သိတဲ့ အသိက ရလာတဲ့ စိတ်ကျေနပ်မှုလေးပါပဲ။ ကျွန်မမှာ ဘ၀နဲ့ပတ်သက်ပြီးတော့ အလွန်ရိုးရှင်းတဲ့ စိတ်သဘောထားတွေပဲ ရှိပါတယ်။ ကျွန်မအနေနဲ့ တရားမျှတမှု သို့မဟုတ် မေတ္တာတရားဆိုတဲ့ နာမည်နဲ့ ကျွန်မ လုပ်သင့်တယ်လို့ ထင်တဲ့ တစ်စုံတစ်ရာရှိရင် အဲဒါကို ကျွန်မလုပ်မှာပါ။
အလန်ကလီမင့်ထ် ခင်ဗျားရဲ့ အဇ္ဈတ္တအတွင်းသားအသစ်တွေကို ရှာဖွေတဲ့နေရာမှာ ၀ိပဿနာက ဘယ်လို အထောက်အကူပြုသလဲ။ ၀ိပဿနာဆိုတာ မိမိကိုယ်ကိုယ် ရှာဖွေခြင်းလုပ်ငန်းစဉ်တစ်မျိုးလား။
ဒေါ်အောင်ဆန်းစုကြည် ၀ိပဿနာဆိုတာ မိမိကိုယ်ကိုယ်ရှာဖွေခြင်းလား စိတ်သန်စွမ်းရေးလား ဆိုတာ ကျွန်မမသိပါဘူး။ ကျွန်မကို သင်ကြားပေးတာကတော့ ကိုယ့်ကိုယ်ကို ရိုးသားဖို့ပါပဲ။ ငယ်ငယ်လေးကတည်းက ကျွန်မမှာ ကိုယ့်အလုပ်နဲ့ ကိုယ့်ခံစားချက်ကို ခွဲခြမ်းစိတ်ဖြာတဲ့ အလေ့အကျင့် ရှိခဲ့ဖူးပါတယ်။ ဒီတော့ ကျွန်မမှာ ကျွန်မကိုယ်တိုင်နဲ့ ပတ်သက်ပြီး အသစ်တွေ့ရှိချက် တစ်စုံတစ်ရာမရှိပါဘူး၊ ဒါပေမယ့် ၀ိပဿနာကတော့ မှန်ကန်တဲ့(သမ္မာမဂ္ဂင်)လမ်းကို လိုက်ဖို့ လောကုတ္တရာခွန်အားကို ပေးပါတယ်။
ပြီးတော့ ကျွန်မအတွက် ၀ိပဿနာဆိုတာ ဘ၀နေနည်းတစ်ခုပါပဲ။ ဘာဖြစ်လို့ဆိုတော့ ၀ိပဿနာအားထုတ်တယ်ဆိုတာက သတိတရားကို ပွားများပြီး စိတ်ကို ထိန်းချုပ်ဖို့ သင်ယူနေရတာမို့ပါ။ ဒီသတိတရားက နေ့စဉ်ဘ၀ထဲမှာ အထောက်အကူ ဖြစ်နေမှာပါ။ ကျွန်မအတွက်တော့ ဒါဟာ ၀ိပဿနာတရားရဲ့ လက်တွေ့အကျဆုံး အကျိုးကျေးဇူးတစ်ခုပါပဲ။ ကျွန်မရဲ့ သတိအာရုံတွေ မြင့်မားလာတယ်လေ။ ခုဆို ကျွန်မဟာ အလုပ်လုပ်တဲ့ နေရာမှာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ လုပ်မိ ကိုင်မိတာတွေ နည်းလာပါတယ်။
အလန်ကလီမင့်ထ် ၀ိပဿနာကို ခင်ဗျား ဘယ်လိုသင်ယူလေ့လာခဲ့ပါသလဲ။
ဒေါ်အောင်ဆန်းစုကြည် ကျွန်မ မဟာစည်သာသနာ့ရိပ်သာကို သွားခဲ့တယ်ရှင့်။ ဒါပေမယ့် ဒါကလည်း ဟိုလွန်ခဲ့တဲ့ ကျွန်မ အသက်နှစ်ဆယ်ကျော် အရွယ် မြန်မာပြည်ကို ပြန်လာတဲ့ တစ်ခေါက်ကပါ။ ပြောရရင်တော့ ထိထိရောက်ရောက် တရားမထိုင်ဖြစ်ပါဘူး။ တကယ်တမ်း ၀ိပဿနာကို အားစိုက်ပွားများဖြစ်တာကတော့ နေအိမ်အကျယ်ချုပ် ကာလနှစ်တွေမှာပါ။ စာအုပ်တွေကို အမှီပြုပြီး အားထုတ်ခဲ့ရပါတယ်၊ ဆရာတော် ဦးပဏ္ဍိတရဲ့ “ ဒီဘ၀ဒီခန္ဓာမှာ” ဆိုတဲ့ စာအုပ်က အများကြီး အထောက်အကူပေးခဲ့ပါတယ်။
အလန်ကလီမင့်ထ် “အခါအားလျော်စွာ ခင်ဗျားဟာ ရန်ကုန်မှာရှိတဲ့ ဆရာတော်ဦးပဏ္ဍိတရဲ့ ကျောင်းကိုသွားပြီး ဆရာတော့်ကို ဂါရ၀ပြုလေ့ရှိတယ် လို့ သိရပါတယ်။ ခင်ဗျားအတွက် အထောက်အကူပြုတဲ့ ဆရာတော်ရဲ့ တရားအချို့ကို မျှဝေပေးပါလား။”
ဒေါ်အောင်ဆန်းစုကြည် “ဆရာတော်က ကျွန်မကို ဟောကြားခဲ့သမျှ မှတ်မိနေတယ်ရှင့်။ အရေးကြီးဆုံးဒေသနာတစ်ခုကတော့ သတိတရားကို အပိုလုပ်မရဘူးဆိုတာပဲ။ ဆရာတော် မိန့်တာက “ကျွန်မတို့အနေနဲ့ ပညာတွေ ၀ီရိယတွေ အများကြီး ရှိလို့ရတယ်။ ဒါပေမယ့် သတိကိုတော့ အပို လုပ်မရဘူး”တဲ့။ အင်း ကျွန်မလည်း ဒီလွန်ခဲ့တဲ့ (၇)နှစ်အတွင်း (ရယ်လျက်) တကယ့်ကို သတိတရား ပွားများဖြစ်ပါတယ်။ ပြီးတော့ ဆရာတော်က ကျွန်မကို စကားပြောတဲ့အခါ စေ့စပ်ငြိမ်းချမ်းမှုကို ဦးတည်မယ့် စကားကိုပဲ စူးစိုက်ပြောဆိုဖို့ အကြံပြုခဲ့ပါသေးတယ်။ ကျွန်မပြောသင့်တဲ့ စကားဟာ နားထောင်သူအတွက် အမှန်လည်း ဖြစ်မယ်။ အကျိုးလည်း ရှိမယ်။ နားဝင်လည်း ချိုရမယ်ပေါ့လေ။ ဆရာတော်က ဗုဒ္ဓအလိုတော်ကျ စကားနှစ်ခွန်းရှိပါတယ် တဲ့။ မှန်လည်းမှန်၊ အကျိုးလည်းရှိ ၊လက်ခံဖွယ်လည်း ဖြစ်တဲ့ စကားနဲ့ မှန်လည်း မှန်၊ အကျိုးလည်း ရှိ သို့သော် လက်ခံနိုင်ဖွယ် မရှိတဲ့ နားဝင်မချိုတဲ့ စကားတွေပေါ့ရှင်။
အလန်ကလီမင့်ထ် “ထေရ၀ါဒဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အခြားသော ဂိုဏ်းဂဏ ဘာသာတရားတွေဆီကနေ သင်ယူ လေ့လာဖို့ စိတ်ကို ဖွင့်ထားတာမျိုး။ မျှမျှတတ ဖြစ်အောင် ဆောက်တည် ထားတာမျိုး ရှိပါသလား။”
ဒေါ်အောင်ဆန်းစုကြည် “ကျွန်မက ထေရ၀ါဒဗုဒ္ဓဘာသာတစ်ယောက်ဆိုပေမယ့် မဟာယာနဗုဒ္ဓဘာသာနဲ့ ၀ဇိရယာန ဗုဒ္ဓဘာသာတွေကိုလည်း လေးစားပါတယ်။ ပြီးတော့ ကျွန်မက အခြားသော ဘာသာတရားများကိုလည်း နှစ်နှစ်ကာကာ လေးစားပါတယ်။ ကျွန်မစိတ်ထဲမှာ လူတစ်ဦးတစ်ယောက်က အခြားလူတစ်ဦးတစ်ယောက်ရဲ့ ဘာသာတရားကို အထင်အမြင်သေးခွင့်ရှိတယ်လို့ မမြင်မိပါဘူး။ ကျွန်မက တစ်ခြားလူတွေရဲ့ ဘာသာရေးအတွေ့အကြုံနဲ့ အမြင်တွေကို နားထောင်ဖို့ အလွန်စိတ်ဝင်စားပါတယ်။ ကျွန်မကို သင်ကြားပေးဖို့ အသင့်ဖြစ်နေတဲ့ လူတွေများစွာဆီက ကျွန်မ အများကြီး သင်ယူရပါဦးမယ်။”
အလန်ကလီမင့်ထ် “ ခင်ဗျားလေးစားတဲ့ မဟာယာနဗုဒ္ဓဘာသာရဲ့ အသွင်လက္ခဏာတွေက ဘာတွေများဖြစ်မလဲဗျ”
ဒေါ်အောင်ဆန်းစုကြည် “ မဟာယာနဗုဒ္ဓဘာသာမှာ ထေရ၀ါဒထက် ပိုပြီး ကရုဏာတရား အကြောင်းပြောကြတယ်။ ကျွန်မအဲဒါလေးကို သဘောကျတယ်။ ကျွန်မတို့ ဒီနေ့ကမ္ဘာမှာ ကရုဏာတရား အများကြီး လိုနေတာဆိုတော့လေ။ တကယ်တော့ ကရုဏာတရားဆိုတာ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ သွန်သင်ချက် အစိတ်အပိုင်း တစ်ခုပါပဲ၊ ဒါပေမယ့် ကျွန်မက ကရုဏာတရားတွေ တကယ်လက်တွေ့ အကောင်အထည် ပေါ်လာအောင် ကျွန်မတို့ကမ္ဘာ့ပြည်သူတွေ ဆောင်ရွက်ကြတာကို ပိုပြီး မြင်ချင်တာပါပဲရှင်။
ဝန်ခံချက်။ ။ ဤဆောင်းပါးကို နောင်တော်ကြီး ဓမ္မင်္ဂါ၏ ဖေ့စ်ဘုတ်ခ်မှာ ကော်ပီကူးလာကာ ဖေါ်ပြခြင်းဖြစ်သည်။
Posted by
အရှင်နာယကာလင်္ကာရ
at
11/13/2010 10:13:00 PM
Labels: ခံစားချက် 2 comments

















